တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ တလုံးတခဲတည်းပင်စင်ထုတ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။
ကယားပြည်နယ်မဲဆန္ဒနယ်က ဦးဘော်ရယ်စိုးဝေ မေးမြန်းတဲ့ အသက် ၇၀ ပြည့်ပြီးတဲ့ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားသက်ကြီးရွယ်အို ပင်စင်စားတွေကို နိုင်ငံတော်က တလုံးတခဲတည်း ပင်စင်အပြီးပြတ်ထုတ်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက အခုလို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိအခြေအနေမှာတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ တလုံးတခဲတည်း ပင်စင်ခံ စားခွင့်နဲ့ပတ်သက်ပြီး တည်ဆဲ အမိန့်၊ ညွန်ကြားချက်အပေါ် ပြင်ဆင်နိုင်မှု မရှိသေးပါဘူးလို့ ဒုဝန်ကြီးက ပြောပါတယ်။
“အငြိမ်းစားဝန်ထမ်းဦးရေ စုစုပေါင်းဟာ ၂၀၁၈ မတ်ကုန်ထိ ၉၃၈၅၁၁ ဦးရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်က ကျခံသုံးစွဲခဲ့ရတဲ့ ပင်စင်လစာနဲ့ ဆုကြေးအသုံးစရိတ်ဟာ ကျပ် ၇၄၂ ဘီလီယံခန့် ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၇၀ ပြည့်ပြီးတဲ့ နိုင်ငံဝန်ထမ်း အငြိမ်းစားတွေကို နိုင်ငံတော်က တလုံးတခဲတည်း ပင်စင်ထုတ်ပေးဖို့ လောလောဆယ်မှာ အစီအစဉ်မရှိသေးပါဘူး” လို့ ဆိုပါတယ်။
တလုံးတခဲတည်းပင်စင်လဲလှယ်ခွင့်ကို မည်သည့်ငွေပမာဏအထိ လဲလှယ့်ခွင့်ပြုနိုင်မည်၊ မည်သည့်အသက်အပိုင်းအခြားထိ လဲလှယ်ခွင့်ပြုနိုင်မည် စသည်တို့အပါအ၀င် အကန့်အသတ် နဲ့ ခွင့်ပြုတာကို နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်လာမှုအပေါ်မူတည် သုံးသပ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ တလုံးတည်းပင်စင်သတ်မှတ်နိုင်ဖို့ တွက်ချက် ခဲ့တာမှာ လက်ရှိအချိန်မှာ တစ်လုံးတည်းပင်စင်လဲလှယ်ခွင့်ရှိတဲ့ ဦးရေပေါင်း ၄၁၇၁၃၉ ဦးရှိတယ်လို့သိရပါတယ်။
ဒီလူတွေကို ကျပ် ၂၅၀၀ အထိ လဲလှယ်ခွင့်ပြုမယ်ဆိုရင် ကျပ် ၁၂၄ ဒသမ ၇၇ ဘီလီယံ၊ ကျပ် ၂၀၀၀၀ ထိ လဲလှယ်ခွင့်ပြုမယ်ဆိုရင် ကျပ် ၉၁၀ ဒသမ ၆၀ ဘီလီယံနဲ့ ကျပ် ၅၀၀၀၀ ထိ လဲလှယ်ခွင့်ပြုမယ်ဆိုရင် ကျပ် ၁၉၆၁ ဒသမ ၆၉ ဘီလီယံထိ ကုန်ကျမယ်လို့ ဆိုပါတယ်။
DVB







0 comments:
Post a Comment