Wednesday, October 9, 2013

တရုတ်နှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားသောကြောင့် သမ္မတ မားရင်ကျို့ ထိုင်ဝမ်သမိုင်းတွင် လူကြိုက်အနည်းဆုံး ခေါင်းဆောင်ဖြစ်လာ

တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားသောကြောင့် သမ္မတ မားရင်ကျို့ ထိုင်ဝမ်သမိုင်းတွင် လူကြိုက်အနည်းဆုံး ခေါင်းဆောင်ဖြစ်လာကြောင်း အောက်တိုဘာ ၉ ရက်က အေအက်ဖ်ပီ သတင်းဌာန မှ ဖော်ပြထားသည်။

လူထုက မားရင်ကျို့အပေါ်မကျေနပ်မှုများ မြင့်တက်လာလျက်ရှိနေကာ သူ့အားထောက်ခံမှုနှုန်းထားမှာ ကိုးရာခိုင်နှုန်းသာရှိတော့ပြီး အနိမ့်ဆုံးစံချိန်တစ်ခုလည်းဖြစ်ပြီး ထိုင်ဝမ်သမိုင်းတွင် လူကြိုက်အနည်းဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။

ထိုင်ဝမ်နိုင်ငံသား အများအပြားမှာ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ထိပါးလာမည်ကို စိုးရိမ်နေကြသည်။

နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကိစ္စနှင့် ပတ်သက်၍မူ ထိုင်ဝမ်နိုင်ငံသားအများစုက လက်ရှိရှိရင်းစွဲ အခြေအနေကိုသာ ဆက်လက်ထိန်းသိမ်းထားလိုကြကြောင်း လူထုစစ်တမ်းကောက်ယူမှုများက ဖော်ပြနေသည်။

သို့ရာတွင် တရုတ်နိုင်ငံကမူ ထိုင်ဝမ်ကို ဖိအားပေးလျက်ရှိသည်ဟု အကဲခတ်များက ဆိုကြသည်။

ပြဿနာများ ပတ်လည်ဝိုင်းလျက်ရှိသည့် ထိုင်ဝမ်သမ္မတမားရင်ကျို့ (‪MaYingjeou‬) အတွက် တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးမှာ အသက်ရှူပေါက်ရစေမည့် ကိစ္စရပ်တစ်ခုသဖွယ် ဖြစ်လာဟန်ရှိသည်။ သို့ရာတွင် မားရင်ကျို့အနေဖြင့် အလှည့်အပြောင်းတစ်ရပ်ကိုလည်း လုပ်ဆောင်ခွင့်ကြုံဖွယ်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံ (‪APEC‬ ထိပ်သီးညီလာခံ) တက်ရောက်စဉ် ကာလအတွင်းက တရုတ်သမ္မတ ရှီကျင့်ဖင်သည် ထိုင်ဝမ် ဒု-သမ္မတဟောင်း ဗင်းဆင့်စူးနှင့် အောက်တိုဘာလ ၆ ရက်ကတွေ့ဆုံခဲ့သည်။

မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည့် ကွဲပြားခြားနားမှုများကို ဖြေရှင်းနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်နှင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပရန် အသင့်ရှိနေကြောင်းတရုတ်နိုင်ငံက ပြောကြားခဲ့သည်။

ထိုကိစ္စမှာ ထိုင်ဝမ်သမ္မတမားရင်ကျို့အတွက်၊ ၎င်းအား လူထုထောက်ခံမှု ကျဆင်းနေခြင်းကို ပြန်လည် အဖတ်ဆယ်နိုင်စရာ ကိစ္စတစ်ရပ် ဖြစ်လာနိုင်သည်။

အမျိုးသား ထိုင်ဝမ်တက္ကသိုလ်မှ ပါမောက္ခချမ်ရာချွမ်က “သမ္မတ မားရင်ကျို့အနေနဲ့ သူ့ကို လူထုထောက်ခံမှုကျဆင်းနေတာကို ပြန်လည်အဖတ်ဆယ်ဖို့နဲ့ သူ့ရဲ့သမိုင်းအမွေအနှစ်အဖြစ် လက်ဆင့် ကမ်းခဲ့နိုင်ဖို့အတွက် တရုတ်-ထိုင်ဝမ် ဆက်ဆံရေးကိစ္စဟာ အဓိကကျတဲ့ နိုင်ငံရေးထိုးဖောက်အောင်မြင်မှု တစ်ခုကို ရှာဖွေဖို့ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံဟာ ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ် ဒါမှမဟုတ် တရုတ်-ထိုင်ဝမ် (cross-strait) ငြိမ်းချမ်းရေး ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်နိုင် ကြပါလိမ့်မယ်။ အဲဒါတွေကတော့ ဖြစ်နိုင်ချေရှိတဲ့ အရာတွေပါ”ဟု ဆိုခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက်လာခဲ့သော်လည်း တရုတ်နိုင်ငံနှင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိုမူ မားရင်ကျို့သည် အမြဲရှောင်ကြဉ်ခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment