Thursday, October 10, 2013

ရှမ်းပြည်နယ်တွင် သိမ်းဆည်းမြေယာများ ပြန်ပေးရန်အတွက် စိစစ်မှုများ ပြုလုပ်ရဦးမည်ဟုဆို

ရှမ်းပြည်နယ်အတွင်း သိမ်းဆည်းခံထားရသော မြေယာများနှင့်ပတ်သက်ပြီး မူလပိုင်ရှင်များကို ပြန်လည် ပေးအပ်ရန် အတွက် စိစစ်မှုများ ပြုလုပ်ရန်လိုပြီး တောင်သူများလက်ထဲ အမှန်တကယ် ရောက်ရှိရန် အတွက် ယင်းကဲ့သို့ စိစစ်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က အောက်တိုဘာ ၁၀ ရက်တွင်ပြောဆိုခဲ့သည်။ 

ဝန်ကြီးချုပ်က ယင်းသို့ပြောကြားခြင်းမှာ အောက်တိုဘာ ၁၀ ရက်က တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် ရှမ်းပြည်နယ် မြေအသုံးချစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ ဆုံစဉ်ကဖြစ်သည်။ 

ဝန်ကြီးချုပ်က မီဒီယာများနှင့် တွေ့ဆုံစဉ်တွင် တပ်သိမ်းမြေ ဧက ၃၀၀၀ ကျော်နှင့် ပတ်သက်၍လည်း ပြောဆိုခဲ့ပြီး “တပ်တွေက ပြန်ပေးမယ့် ဧက ၃၀၀၀ ကျော်နဲ့ ပတ်သက်ပြီးတော့ တောင်သူတွေလက်ထဲကို အမှန်တကယ်ရောက်ရှိဖို့  Case By Case စိစစ်သွားဖို့ လိုပါတယ်၊ တချို့သူတွေကလည်း မြေယာနဲ့ ပတ်သက်ပြီးတော့ ရလိုဇော များနေတာတွေရှိတယ်၊ ရပ်ကွက်ကျေးရွာမှာရှိတဲ့ မြေယာစီမံ ခန့်ခွဲရေးကော်မတီတွေကနေ လျှောက်ပြီးတော့ပြန်လည်ချထားပေးဖို့အတွက် အဆင့်တွေအများကြီး စိစစ်လုပ်ရဦးမယ်”ဟု ပြောသည်။ 

ယင်းအပြင် ငြိမ်းချမ်းရေးအဖွဲ့အစည်း သိမ်းမြေများနှင့် ပတ်သက်၍လည်း ပိုင်ရေးဆိုင်ခွင့်များ ပြန်လည် စိစစ်ပေး သွားမည်ဖြစ်ကြောင်းလည်း သတင်းမီဒီယာသမားများ၏ မေးမြန်းမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်ကပြန်လည် ဖြေဆိုသည်။ 

အစည်းအဝေးသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဒေါ်အေးချိုစိန်ကလည်း ဖယ်ခုံတွင် သစ်တောပိုင်မြေပေါ်၌ ယခင်က လက်ငုတ်လက်ရင်း လုပ်ကိုင်ခဲ့သူများ ရှိသော်လည်း လက်ရှိအချိန်တွင် ကုမ္ပဏီများက ခြံစည်းရိုးဝင်းခတ်နေသည့်ကိစ္စများနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ရာ “သည်မြေတွေကို သစ်တောဦးစီးဌာနက ထိန်းမှာလား၊ ယခင် လက်ငုတ်လက်ရင်း လုပ်ကိုင်ခဲ့တဲ့ တောင်သူတွေကို ပြန်ပေးမှာလားမေးတော့ ကော်မတီကနေ ပြန်ဖြေပေး တာကတော့ ၁၀ နှစ် ၁၅ နှစ် လက်ငုတ် လက်ရင်း လုပ်ကိုင်ခဲ့သူတွေကို နှစ် ၃၀ ဂရမ်နဲ့ ပြန်ပေးမယ်၊ယခု နောက်ပိုင်းမှ ၀င်ရောက်နေထိုင်နေသူတွေကိုတော့ ဥပဒေအရ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ပြန်ဖြေ ပေးတယ်”ဟု မဇ္ဈိမကို ပြောသည်။ 

ထိုအစည်းအဝေးသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ဒု-ဥက္ကဌ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးများနှင့် အခြားတာဝန်ရှိသူ ၁၁၂ ဦး တက်ရောက်ခဲ့သည်။ 

Mizzima - News in Burmese

0 comments:

Post a Comment