Wednesday, January 7, 2015

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီအား စစ်တွေဒေသခံများ ဆန္ဒထုတ်ဖော်မည်


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အနေဖြင့် ရခိုင်ဒေသသို့ ပထမအကြိမ် လာရောက်လေ့လာရာတွင် မဟုတ်မမှန် ထုတ်ဖော်ပြောဆိုခြင်းများ ရှိနေသည့်အတွက် ဇန်နဝါရီ ၈ ရက်တွင် ဒုတိယအကြိမ် ရခိုင်ပြည်နယ်သို့ လာရောက်မည့် ယန်ဟီလီအား စစ်တွေဒေသခံ များက ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ဆန္ဒထုတ်ဖော်မည့် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစိုးနိုင်က "အမျိုးသမီးတွေက ဦးဆောင်ပြီး ဆန္ဒ ထုတ်ဖော်မှာပါ။ ယန်ဟီလီ လာတဲ့အချိန် လေယာဉ်ကွင်းထိပ်မှာ ဆန္ဒထုတ်ဖော်မယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာအဖြစ် တောင်းဆိုဆုံးဖြတ်ချက် ချတာတွေဟာ ယန်ဟီလီ တို့လို တာဝန်ရှိသူတွေက တစ်ဖက်သတ် ရေးသားထားတဲ့ အစီရင်ခံစာ အမှားတွေကြောင့် ဖြစ်ပါတယ်။ အမှန်တရားကို မလေ့လာဘဲ ဘင်္ဂါလီတွေဘက်က တစ်ဖက်သတ် ရပ်တည်ပေးတဲ့အတွက် ရခိုင်လူထုက လက်မခံဘူး ဆိုတာကို ထုတ်ဖော်ပြသသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

"ယန်ဟီလီအနေနဲ့ ပကတိ မြေပြင် အနေအထားကို ကျနစွာ လေ့လာရမယ်။ နှစ်ဖက် လူ့အဖွဲ့ အစည်း စကားကို သေချာ နားထောင်ရမယ်။ အခုက အဲလိုမဟုတ်ဘဲ ပထမ တစ်ခေါက်လာတုန်းက ရခိုင် တိုင်းရင်းသားတွေဘက်က ပြောစကားကို လုံးဝနားမထောင်၊ သယ်ဆောင်သွားခြင်းမရှိဘဲ ခရီးစဉ် တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၉၀ ကို ဘင်္ဂါလီတွေ ဖက်ခြမ်းမှာ နေထိုင်ခဲ့ပြီး တစ်ဖက်တည်း စကားကို ယုံပြီး အခုလိုမျိုး မြန်မာပြည်အကြောင်းကို ကုလသမဂ္ဂမှာ မကောင်းပြောတာတော့ ဖြစ်ရပ်မှန်နဲ့ လွဲနေတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ နှစ်ဖက်စကားကို အသေအချာ လေ့လာပါ၊ နားထောင်ပါလို့ ပြောချင်တယ်။ ပကတိအခြေအနေကို မလေ့လာဘဲ ဆက်လက်ပြီး အရင်လို လုပ်မယ်ဆိုရင်တော့ ကင်းတားနားကို လုပ်သလိုမျိုး ဖြစ်လာနိုင်ပါတယ်” ဟု စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာဆိုသော လူမျိုး မရှိကြောင်း နိုင်ငံတော်သမ္မတမှ ထုတ်ပြန်ထား သော်လည်း ကုလသမဂ္ဂတွင် ယန်ဟီလီက ရိုဟင်ဂျာဟု တင်ပြခဲ့ခြင်းများကိုလည်း ဒေသခံများက လက်ခံမည် မဟုတ်ကြောင်းနှင့် မရှိသေးသော လူမျိုးတစ်ခု ပေါ်ပေါက်လာစေရေး ပြောဆို ဆွေးနွေးမှု များသည် ရခိုင်ပြည်နယ်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လာခြင်းသာ ဖြစ်ကြောင်းလည်း ရခိုင်အမျိုးသား ပါတီ၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရန်အတွက်လည်း ဇန်နဝါရီ ၅ ရက်က သက်ဆိုင်ရာသို့ ခွင့်ပြုချက် တင်ပြတောင်းခံ ထားကြောင်းနှင့် ခွင့်ပြုချက် မရပါကလည်း ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းလှိုင်(စစ်တွေ)
The Daily Eleven

0 comments:

Post a Comment