Wednesday, April 11, 2018

တပ်မတော်စစ်သမိုင်းပြတိုက်နေရာတွင် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းကို ခွင့်ပြုခြင်းသည် လက်ရှိစည်ပင် ပွင့်လင်းမြင်သာမှုမရှိဟုဆို


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းရှိ ယခင် တပ်မတော် စစ်သမိုင်းပြတိုက် နေရာတွင် ဂျပန်နိုင်ငံ အစိုးရ၊ ဂျပန်ကုမ္ပဏီသုံးခုနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး တည်ဆောက်မည့် Y Complex ဟိုတယ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာမှ ခွင့်ပြုခဲ့ခြင်းသည် ပွင့်လင်းမြင်သာမှုမရှိဟု ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ဧပြီလ ၁၁ ရက်တွင် အကုန်သိ သတင်းဌာနကို ပြောသည်။

အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနှင့် ဂျပန်နိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီ သုံးခုတို့မှ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြန်မာနိုင်ငံအစိုးရနှင့် BOT စနစ်ဖြင့် နှစ်ပေါင်း ၇၀ ရင်းနှီးမြှုပ်နှံပြီး စီမံကိန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ ရွှေတိဂုံဘုရားနားမှာ အဆောက်အအုံတွေ တည်ဆောက်ချင်တယ်ဆိုရင် အမြင့်က ၆ ထပ် ထက် မပိုရဘူးလို့ စည်ပင်သာယာ က သတ်မှတ်ထားပြီးသား။ ဒီစီမံကိန်းကို အရင်က စည်ပင်သာယာ ကော်မတီဝင်တွေဖြစ်တဲ့ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ ဇောတိက ဦးခင်လှိုင်တို့ လက်ထက်က ဆက်မလုပ်ဖို့ တားမြစ်ပြီးသား။ ဒါကို လက်ရှိ စည်ပင်က ဘာကြောင့်ခွင့်ပြုခဲ့တာလဲ။ ဒီလိုခွင့်ပြုတာ ပွင့်လင်းမြင်သာမှု မရှိဘူး။ အမှန်က ပြည်သူကို ချပြရမှာ။ ကုမ္ပဏီဘက်ကိုတော့ အပြစ်ပြောစရာမရှိပါဘူး။ သူတို့ကလည်း ခွင့်ပြုလို့ ဆောက်တာလေ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကိုယ့်နိုင်ငံထဲ ဝင်လာတာကို ကြိုဆိုပါတယ် ” ဟု ဦးကျော်ဇေယျ က ပြောသည်။

ယင်းစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံအစိုးရအတွက် အမေရိကန်ဒေါ်လာ ၁၆၉ ဒဿမ ၂၂ သန်းရှိမည်ဖြစ်ပြီး စီမံကိန်းအတွက် အသုံးပြုရန် အမေရိကန် သန်း ၃၂၀ လျာထားကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စီမံကိန်းကို အပြီးတည်ဆောက်မည်ဖြစ်ပြီး အဆောက်အအုံ အမျိုးအစားမှာ ဟိုတယ်နှင့် ရုံးခန်းတို့ဖြစ်၍ အထပ်အမြင့်မှာ ၉ ထပ်ဖြစ်ကာ ၁၃၀ ပေ ၁၀ ဒဿမ ၉ လက်မ ရှိမည်ဖြစ်ကြောင်း၊ အဆောက်အအုံ ကြမ်းခင်းဧရိယာမှာ ၁၅၁၉၇၄ စတုရန်းမီတာရှိမည်ဖြစ်ပြီး ကားပါကင်တွင် ကားစီးရေ ၆၅၀ စီး ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်သူရိန်
AKonThi

0 comments:

Post a Comment