Thursday, April 12, 2018

ဒုတိယအကြိမ်မြောက်စစ်မေးမှုတွင် ပိုမိုခက်ခဲသည့်မေးခွန်းများကို ဇူကာဘတ်ဂ်ျ ဖြေကြားရဖွယ်ရှိ


ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာကို တည်ထောင်ခဲ့သူ မာ့ခ်ဇူကာဘတ်ဂ်ျသည် ကွန်ဂရက်လွှတ်တော်၏ ဒုတိယအကြိမ်မြောက် စစ်မေးမှုတွင် ပိုမိုခက်ခဲသော မေးခွန်းများကို ရင်ဆိုင်ဖြေကြားရဖွယ် ရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များသည် ဇူကာဘတ်ဂ်ျကို ပထမအကြိမ် စစ်ဆေးရာတွင် ကျေနပ်လက်ခံလောက်ဖွယ်ရာ ဖြေရှင်းချက်များ မရရှိခဲ့သည်ကို လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဇူကာဘတ်ဂ်ျကမူ ယခုအရှုပ်အထွေးကို စကားလုံး အနည်းငယ်မျှဖြင့် ဖြေရှင်းရန်ဟူသည်မှာ မည်သို့မျှမဖြစ်နိုင်ကြောင်း မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။

ဖေ့စ်ဘွတ်ခ်သည် အစောပိုင်း၌ ၎င်းတို့၏ လူမှုကွန်ရက်ကို အသုံးပြုနေသူများအနက်မှနေ၍ သန်း ၅၀ ခန့်သော ပမာဏမှာ အချက်အလက်ပေါက်ကြားမှုများဖြင့် ရင်ဆိုင်နေရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင်မူ အချက်အလက်ပေါက်ကြားမှုဖြင့် ရင်ဆိုင်နေသော ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အရေအတွက်မှာ ယင်းထက် ပိုများကြောင်း၊ အရေအတွက်အားဖြင့် ၈၇ သန်းအထိ ရှိနေနိုင်ကြောင်း ဖေ့စ်ဘွတ်ခ်က ဖွင့်ဟ၀န်ခံသွားခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ သတင်းမီဒီယာများသည် ဖေ့စ်ဘွတ်ခ် အသုံးပြုသူများအနက်တွင် အချက်အလက်ပေါက်ကြားမှုများဖြင့် ရင်ဆိုင်နေရသူ အရေအတွက်မှာ ၈၇ သန်းဟူသော ပမာဏထက် ပိုများနေနိုင်သည်ဟု မှတ်ချက်ပေးထားပြီး လက်ရှိတွင် ဖေ့စ်ဘွတ်ခ်မှာ ဘီလီယံနှင့်ချီသော တန်ကြေးလျော့ကျမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်သည်။

ဖေ့စ်ဘွတ်ခ်၏ရှယ်ယာပိုင်ရှင်များသည် ဇူကာဘတ်ဂ်ျက အာမခံချက်များ ပေးအပ်နေသည့်ကြားကပင် ၎င်းတို့၏ ရှယ်ယာများကို အဆက်မပြတ် လက်လွှဲရောင်းချမှုများရှိနေပြီး လွန်ခဲ့သည့်ဗုဒ္ဓဟူးနေ့က စတင်၍ ဖေ့စ်ဘွတ်ခ်၏ရှယ်ယာတန်ကြေးမှာ ၄ ဒသမ ၆ ရာခိုင်နှုန်း ထပ်မံ ကျဆင်းသွားခဲ့ပြန်ပြီဖြစ်သည်။

The Voice

0 comments:

Post a Comment