Wednesday, April 11, 2018

ပမာဏကြီးမားသော ကြွေးမြီများ သက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့်အစီအစဉ်အပါအ၀င် နိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်နှင့် ဆက်လက်ညှိနှိုင်းနေ


ပြည်တွင်းဘဏ်များ၏ ပမာဏကြီးမားသော ကြွေးမြီများကာလ သတ်မှတ်ချက် ချေးငွေသက်တမ်း သုံးနှစ်အတွင်း လျှော့ချမည့် အစီအစဉ်အပါအ၀င် နိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများနှင့်ပတ်သက်၍ ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးနေကြောင်း ပုဂ္ဂလိကဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရသည်။

“ဒီစည်းမျဉ်းတွေနဲ့ပတ်သက်လို့ ဘဏ်တွေနဲ့ ဗဟိုဘဏ်ညှိနှိုင်းနေတာတွေရှိတယ်။ ဘဏ်အသင်းကတစ်ဆင့် ဆွေးနွေးနေတာတွေ ရှိတယ်။ ဘဏ်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တင်ပြနေတာပဲ။ ဒီစည်းမျဉ်း တွေနဲ့ပတ်သက်လို့ လိုအပ်သလို တွေ့ဆုံညှိနှိုင်းခွင့်ရှိတယ်၊ မေးမြန်းခွင့်၊ တင်ပြခွင့်ရှိတယ်။ တာဝန်ရှိသူနဲ့ လူချင်းတွေဖို့တော့ အပွိုင့်မန့်တောင်းပြီး တွေ့ရတော့ ထင်သလောက် မလွယ်ဘူးပေါ့လေ။ ဒီစည်းမျဉ်းတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲညွှန်ကြားချက်တွေတော့ ဘာမှမရှိသေးဘူး။ စည်းမျဉ်းလျှော့ပေးတာ၊ ရုပ်သိမ်းတာ ဘာတစ်ခုမှ မရှိသေးဘူး။ အချိန်သုံးနှစ်ဆိုတာလည်း မပြောင်းဘူး။ ဒါပေမဲ့လိုက်နာဆောင်ရွက်နိုင်ဖို့ ဘဏ်တစ်ခုချင်းအလိုက် ဆွေးနွေးနေဆဲဖြစ်ပါတယ်” ဟု ပုဂ္ဂလိကဘဏ်တစ်ဘဏ်မှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘဏ်များ၏ ပမာဏကြီးမားသော ကြွေးမြီများကို ကာလသတ်မှတ်ချက်ချေးငွေ သက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့် အစီအစဉ်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား တင်ပြညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်န၀ါရီ ၈ ရက်တွင် ညွှန်ကြားချက် အမှတ် ၂ / ၂၀၁၈ ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းညွှန်ကြားချက်သည် ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခင်စည်းမျဉ်း၌ ဘဏ်တစ်ခုတွင် အဓိကမတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက်ကျော်လွန်ပြီး လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်သို့ ထုတ်ချေးထားသော ကြွေးမြီများရှိပါက စည်းမျဉ်းထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း အဆိုပါကြွေးမြီအား လက်ခံနိုင်သည့် ပမာဏသို့ ထားရှိမည့်အစီအစဉ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရန်ညွှန်ကြားခြင်း ဖြစ်သည်။

အဆိုပါ ပမာဏကြီးမားသော ကြွေးမြီများကို ကာလသတ်မှတ်ချက် ချေးငွေသက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့်အစီအစဉ်အား မတ် ၃၁ ရက် နောက်ဆုံးထားတင်ပြရန် ဗဟိုဘဏ်က သတ်မှတ်ခဲ့သော်လည်း ဘဏ်အချို့အနေဖြင့် ညှိနှိုင်းဆွေးနွေးနေဆဲ အခြေအနေ ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ် ပြောင်းလဲမည့် ချေးငွေများကိစ္စကိုလည်း ညွှန်ကြားချက်အမှတ် ၁/  ၂၀၁၈ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

ဘဏ်များမှ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက် အထိ ထုတ်ချေးခဲ့သော စာရင်းပိုထုတ်ချေးငွေ (Overdraft) များအနက် တစ်နှစ်ပြည့် မြောက်သည့်နေ့တွင် ပြန်လည်မပေးဆပ်နိုင်သော စာရင်းပိုထုတ်ချေးငွေများအား သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက်ချေးငွေ (Term Loan) များအဖြစ် ပြောင်းလဲရာတွင် ဘဏ်များအနေဖြင့် စာရင်းပိုထုတ်ချေးငွေမှ ကာလသတ်မှတ်ချက်ချေးငွေအဖြစ် ပြောင်းလဲမည့်ချေးငွေများ၏ အတိုးကို သုံးလပတ်ထက်မပိုသောကာလဖြင့် ပေးဆပ်ရမည်ဖြစ်ပြီး အရင်းပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ကာလ (Grace Period) တစ်နှစ်အထိ ထားရှိနိုင်ကြောင်း ညွှန်ကြားသတ်မှတ်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် ၇ / ၂၀၁၇ ၏ အပိုင်း ၃ (စ) (၁) အား ယခုညွှန်ကြားချက်ဖြင့် ပြင်ဆင်အစားထိုးလိုက်ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပမာဏကြီးမားသော ကြွေးမြီဆိုင်ရာ စည်းမျဉ်း၊ ဘဏ်များ လိုက်နာရမည့် မတည်ငွေရင်းလုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းများ စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

စည်သူအောင်
Eleven Media Group


0 comments:

Post a Comment