Wednesday, April 11, 2018

မန္တလေးမြို့တွင် LGBT များ လမ်းလျှောက်သင်္ကြန် ဆင်နွှဲမည်ဟုဆို


မန္တလေးမြို့တွင် LGBT များ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲကို ပြုလုပ်သွားမည်ဟု ယင်းအဖွဲ့တွင် ပါဝင်မည့်သူ ကိုပြည့်ဖြိုးအောင် က ဧပြီလ ၁၁ ရက်တွင် အကုန်သိသတင်းဌာနကို ပြောသည်။

မန္တလေးမြို့တွင် LGBT လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ၂၀၁၇ ခုနှစ်သင်္ကြန်မှ စတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်သင်္ကြန်တွင် LGBT အဖွဲ့ဝင်များ ပိုမို ပါဝင်လာမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ လမ်းလျှောက်သင်္ကြန်ကို ကျွန်တော်တို့ မနှစ်က စပြီးလုပ်ဖြစ်ပါတယ်။ မနှစ်က စလုပ်ခဲ့တာဖြစ်လို့ လူကတော့နည်းသွားတယ်။ အကြိုနေ့မှာဆိုရင် အဖွဲ့ဝင် ၂၀ လောက်ဘဲရှိတယ်။ အတက်နေ့ကျတော့မှ လူများလာတာ။ ဒီနှစ်တော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ အနည်းဆုံး လူငါးဆယ်လောက်ပါမယ်။ ကိုယ့်မုန့်ဖိုးတွေစုပြီး မြန်မာ့ရိုးရာ ဝတ်စုံတွေချုပ်ပြီး လမ်းလျှောက်လည်ကြမယ်။ ပြီးရင် အမှိုက်ကောက်တယ်။ သန့်ရှင်းရေးလုပ်မယ် ” ဟု ကိုပြည့်ဖြိုးအောင် က ပြောသည်။

LGBT များ စုပေါင်း၍ လမ်းလျှောက်သင်္ကြန်ပွဲ ကျင်းပရခြင်းမှာ မန္တလေးမြို့နေပြည်သူများ LGBT များကို ပိုမိုလက်ခံလာစေရန်၊ အမှိုက်ပစ်ခြင်း ရှက်စရာအဖြစ်မြင်လာစေရန်နှင့် မြန်မာ့ရိုးရာ ဝတ်စုံများကို လူအများ ပိုမိုစိတ်ဝင်စားလာစေရန် ရည်ရွယ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အောင်သူရိန်
AKonThi 

0 comments:

Post a Comment