Friday, April 13, 2018

သင်္ကြန်အကြိုနေ့ YBS ယာဉ်အချို့ ၁ မှတ်တိုင်ခရီးကို ကျပ် ၅၀၀ ဟု တောင်းယူနေ


ယခုနှစ်ရန်ကုန် သင်္ကြန်အကြိုနေ့ ဖြစ်သည့် ဧပြီ ၁၃ ရက်နေ့ တွင် YBS ယာဉ်စီးခ ဈေးတက်သွားပြီး ၁ မှတ်တိုင် ခရီးကို ကျပ် ၅၀၀ ပေးနေရကြောင်း ခရီးသွားပြည်သူအချို့ထံမှ သိရသည်။

"ကျွန်တော်က လှည်းတန်း ဆင်ရေတွင်းမှတ်တိုင်ကနေ ဆူးလေကို ၆၁ စီးတာ ၅၀၀ ပေးရတယ်။ ပုံမှန်ကတော့ ၂၀၀ ပဲပေးရတာပေါ့။ ပြီးတော့ အဲဒီကားမှာ စပယ်ယာက လိုက်ကောက်နေတာတွေ့ရတယ်။ ပုံးထဲထည့်တဲ့သူလည်း ရှိပါတယ် "ဟု ကမာရွတ် လှည်းတန်းနေ ကိုချစ်ကိုက ပြောသည်။

ထို့ပြင် စပယ်ယာ၏ဆက်ဆံရေးနှင့် အပြုအမူမှာ ယခင်မ.ထ.သ စနစ်က စပယ်ယာများအတိုင်းဖြစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုချမ်းမြေ့သူကပြောသည်။

"ကျွန်တော် YBS ၆၁ စီးတာ ယောက်လမ်းကနေ သမိုင်းကိုစီးတာ ၅၀၀ ပေးရတယ်။ မှတ်တိုင်စီးလည်း ၅၀၀ လို့ ပြောတယ်" ဟု ကိုတေဇလင်းကပြောသည်။

ယာဉ်လိုင်း အချို့တွင် ယာဉ်စီးခတိုးကောက်လျက်ရှိနေသော်လည်း YBS ၂၁ နှင့် YBS ၂၉ အပါအဝင် ယာဉ်လိုင်းအချို့မှာမူ ပုံမှန်ဈေးနှုန်းအတိုင်း ကျပ် ၂၀၀ သာ ကောက်ခံလျက်ရှိကြောင်း သိရသည်။

"သမိုင်းလမ်းကနေ မော်တင်စီးတာ ၂၀၀ ပဲပေးရတယ်'' ဟု ကိုတေဇလင်းက ပြောသည်။

ယခင် မ.ထ.သ စနစ်ကတည်းက ယခု YBS စနစ်အထိ သင်္ကြန်ကာလ ယာဉ်စီးခ ဈေးတက်ခြင်းသည် အထူးအဆန်း မဟုတ်သော်လည်း စနစ်ပြောင်းခေတ်ပြောင်းအချိန်အခါတွင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေဖြင့် ထိန်းသိမ်း ကြပ်မတ်ပေးရန်လိုကြောင်း ရန်ကုန်မြို့နေသူ ကိုလင်းလင်းကပြောသည်။

သင်္ကြန်တွင်းကာလတွင် ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများရှိပါက YRTA အဝေးပြေးရုံးနှင့် စည်းကမ်းထိန်းသိမ်းရေး Hot Line ဖုန်းများများဖြစ်သည့် 09448147149 ၊ 09448147154 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတဦးကပြောကြားထားသည်။




News Watch 

0 comments:

Post a Comment