Monday, June 18, 2018

မွန်ပြည်နယ် ရေကြီးမှုကြောင့် တစ်ဦးသေ၊ လူ ၇၄၀၀ ကျော် ရေဘေးသင့်


မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် ဇွန်လ ၁၇ ရက် ရေကြီးမှုကြောင့် အိမ်ခြေ ၃၅၀၀ ကျော် ရေဝင်နစ်မြုပ်၍ ကိုယ်ဝန်ဆောင်သည်တစ်ဦး သေဆုံးကာ လူ ၇၄၀၀ ကျော် ရေဘေးတိမ်းရှောင်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၂၄ ခု ဖွင့်လှစ်ခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။ 

“ရေဘေးရှောင်စခန်းတွေမှာ အချို့နေရာတွေ လူနည်းသွားပါပြီ၊ တချို့မြို့တွေကိုတော့ ကျွန်တော်တို့ ဝန်ကြီးတွေ သွားကြည့်နေတယ်၊ ကျောင်းတွေကိုတော့ ရေဘေးစခန်းဖွင့်ထားတဲ့ ကျောင်းတွေကိုတော့ ပိတ်ထားရမယ်၊ အတိအကျကိုတော့ ပြည်နယ်ပညာရေးဌာနက စစ်ဆေးနေတုန်းပဲ”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ဇွန်လ ၁၇ရက်က သီရိမင်္ဂလာ ၂ လမ်းတွင် နေထိုင်သော ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ရေထဲဆင်းရာမှ မြွေကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ယင်းသေဆုံးသူအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျပ်သုံးသိန်း ထောက်ပံ့ခဲ့သည်။ 

ရေကြီးမှုကြောင့် အုတ်တံတိုင်းပြိုခြင်း၊ စာသင်ကျောင်းများပြိုမှု၊ မြေပြိုမှု၊ အိမ်ပြိုမှုများရှိနေပြီး ကျပ်သိန်း ၆၄၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ သံဖြူဇရပ်မြို့နယ်တွင် သိန်း ၄၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း၊ ဒုတိယ အများဆုံးမှာ မော်လမြိုင်မြို့ဖြစ်ပြီး ကျပ်သိန်း ၁၆၀၀ ကျော်ဆုံးရှုံးကြောင်း မွန် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။ 

“သံဖြူဇရပ်မြို့နယ်ကတော့ ပျက်စီးဆုံးရှုံးမှု အများဆုံးပဲ၊ သူက အဓိက ဆားဂိုဒေါင်တွေ ပျက်စီးတယ်၊ ကြက်စာဂိုဒေါင်တွေ ပျက်စီးတာကြောင့် ဆုံးရှုံးမှုက များသွားတယ်”ဟု ၎င်းကပြောသည်။

ဇွန်လ ၁၇ ရက်က မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုအား ကောင်းသဖြင့် မွန်ပြည်နယ်တွင် ရေကြီး ရေလျှံမှုများဖြစ်ကာ မော်လမြိုင်၊ ရေး၊ မုတ္တမ၊ သံဖြူဇရပ်မြို့များတွင် ဆိုးရွားစွာ ကြုံတွေ့ ခဲ့ရသော်လည်း လတ်တလောတွင် ရေးနှင့် မော်လမြိုင်မြို့နယ်တို့တွင် ရေများ ကျန်နေပြီး ကျန်မြို့နယ်များတွင် ရေများကျဆင်းနေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

မော်လမြိုင်မြို့ရှိ ရေလွှမ်းသော နေရာများအနက် သီရိမြိုင်၊ သီရိမင်္ဂလာ၊ သာယာအေးရပ်ကွက်တို့တွင် ရေ ၂ ပေကျော်သာ ကျန်တော့ကြောင်း၊ ရေးမြို့နယ်ရှိ ရန်မျိုးအောင်၊ ရန်ကြီးအောင် ရပ်ကွက်များတွင် ဇွန်လ ၁၇ ရက်က ရေ ၇ ပေခန့် တက်ခဲ့သော်လည်း ဇွန်လ ၁၈ ရက်တွင် ရေ ၃ပေခန့်သာ ကျန်ကြောင်း၊ ချောင်တောင်ကျေးရွာနှင့် သီရိနန္ဒာရပ်ကွက်တွင် ၄ ပေ ခန့်ကျန်နေကြောင်း အစိုးရအဖွဲ့ထံမှသိရသည်။

“ကျောင်းရွာဆိုရင် မနေ့က ပေ ၂၀ လောက် ရေတက်တယ်၊ အခုလောလောဆယ်မှာတော့ ၁၀ ပေလောက် ကျန်နေသေးတယ်၊ ချောင်းနားက တဲအိမ် ၉ လုံးလောက်ကတော့ လောလောဆယ်မှာ ရေမြုပ်နေသေးတယ်၊ သီရိနန္ဒာရပ်ကွက်မှာလည်း ၃၂ အိမ်လောက် ရေမြုပ်နေသေးတယ်၊ သူတို့ကိုတော့ တစ်ပလ္လင်နှစ်ဆူမှာ နေရာချထားပေးတယ်၊ ရေဘေးရှောင်စခန်း ၄ ခုလောက် ဖွင့်ထားတဲ့နေရာမှာ ၃ခုလောက်က ပြန်သွားကြတာရှိတယ်”ဟု ဦးမြင့်သန်းဝင်းကပြောသည်။

သံဖြူဇရပ်မြို့တွင် ဇွန်လ ၁၇ ရက် ညနေပိုင်းမှစ၍ ရေများကျဆင်းသွားပြီး မြို့ပေါ်ရပ်ကွက်များတွင် ရေမရှိတော့ကြောင်း သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်မြင့်ကျော်က ပြောသည်။

ပေါင်မြို့နယ် မုတ္တမမြို့တွင် ရေများ ကျသွားပြီး တိုက်နယ်ဆေးရုံနှင့် အထက်တန်းကျောင်းတို့ကို တပ်မတော်၊ မီးသတ်၊ ရဲဝန်ထမ်းတို့ လာရောက်ကာ ရှင်းလင်းမှုများကို လုပ်ဆောင်ပေးနေကြောင်း မုတ္တမဒေသခံ ဦးအောင်ဆန်းဦးက ပြောသည်။

“ဆေးရုံက ရေဝင်ထားတော့ နုန်းတွေက တင်နေတယ်၊ စာသင်ကျောင်းဆိုလည်း အောက်ထပ်မှာ နုန်းတွေ ကပ်ကျန်နေတာ အဲ့ဒါတွေကို သန့်ရှင်းရေး ပြန်လုပ်နေရတယ်”ဟု ၎င်းကဆက်ပြောသည်။

မွန်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရေဘေးသင့်သူ တစ်ဦးလျှင် ကျပ် ၂၁၀၀ ထောက်ပံ့မည်ဖြစ်ပြီး ရေသန့်ဆေးပြားများနှင့် ရေဘေးကယ်ဆယ်ရေးတွင် အသုံးပြုနိုင်ရန် ဖိုင်ဘာစက်လှေ ၃ စီးကို ပြည်နယ်အစိုးရထံ ပေးအပ်ခဲ့ကြောင်း၊ ယင်းစက်လှေကို ဇွန်လ ၁၈ ရက်၌ ရေးမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ရေဘေးသင့်ပြည်သူများကို အစားအစာ၊ အသုံးအဆောင်နှင့် ဆေးဝါးများကို ထောက်ပံ့ပေးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

The Voice

0 comments:

Post a Comment