Monday, June 18, 2018

ရိုက်တာသတင်းထောက်နှစ်ဦးကို စွဲချက်တင်ရန် သင့်၊ မသင့် ဇူလိုင် ၂ ရက်တွင် အမိန့်ချမည်

နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး၏အမှုကို နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်များအပေါ် စွဲချက်တင်ရန် သင့်၊ မသင့် ဇူလိုင်လ ၂ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ဇွန်လ ၁၈ မြောက်ပိုင်းခရိုင် တရားရုံး၏ ၂၇ ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေ CID မှ အမှုစစ် ရဲမှူးတင်ဝင်းမောင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

“တပ်ကြပ်ကြီး ခင်မောင်လင်းကို မြိတ်ဘက်မှ သွားရှာတော့လည်း ရှာမတွေ့လို့ သက်သေခံ ပယ်လိုက်တယ်။ နောက်ထပ် သက်သေခံ နှစ်ယောက်ကလည်း ကျန်းမာရေး အခြေအနေ မကောင်းလို့ ပယ်တယ်။ သက်သေတော့ ကုန်သွားပြီး နောက်ထပ်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့်ကို ကြားနားမယ်”ဟု ၎င်းကဆိုသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ခြောက်လအကြာ စစ်ဆေးချက်များအရ ပြန်လှန်စစ်မေးခွန်းမေးမြန်းခဲ့စဉ်က သတင်းထောက်နှစ်ဦးကို ရခိုင်ပြည်နယ် ပဋိပက္ခနှင့် စာရွက်စာတမ်း တွေ့ရှိသည်ဟူ၍ ဖမ်းဆီးခံခဲ့ရသော်လည်း သတင်းထောက်များ၏ဖုန်းများမှ ရရှိသည့် အချက်အလက်များသည် အများပြည်သူ သိရှိထားပြီးကိစ္စဖြစ်ပြီး မည်သူကပေးခဲ့ခြင်း၊ မည်သည့်နေရာက ရရှိသည်ကို တရားလိုပြသက်သေများအနေနှင့် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် သတင်းထောက်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် နှစ်ပတ်အကြာ အောင်သပြေ စစ်ကြောရေးစခန်းတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စစ်ဆေးချက်များကို တရားလိုပြသက်သေ CID မှ အမှုစစ် ရဲမှူး တင်ဝင်းမောင်က ငြင်းဆိုခဲ့ကြောင်း ဖမ်းဆီးခံသတင်းထောက် ကိုဝလုံးက ရုံးချိန်းအပြီးတွင် သတင်းထောက်များကို ဖြေကြားခဲ့သည်။

“တရားလိုဘက်က ထုံးစံအတိုင်း အောင်သပြေစခန်းမှာ ထိန်းသိမ်းခဲ့ခြင်းမရှိဘူးလို့ ထွက်ဆိုတယ်။ ဘာတွေစစ်ဆေးခဲ့သလဲ မတင်ပြချင်လို့ အောင်သပြေ စစ်ကြောရေးစခန်းမှာ စစ်ချက်တွေကို မတင်ချင်လို့ပါ။ ပြီးခဲ့တဲ့အင်တာဗျူးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို မှန်ကန်တဲ့သတင်းကို မပို့ဘူးဆိုတာ ထင်ရှားနေတယ်”ဟု ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက ပြောကြားသည်။

သတင်းထောက်နှစ်ဦးကို အောင်သပြေ စစ်ကြောရေးစခန်းတွင် နှစ်ပတ်ကြာ စစ်ဆေးခဲ့ခြင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြပေးစေချင်သည်ဟု ဖမ်းဆီးခံသတင်းထောက် ကိုကျော်စိုးဦးက ပြောကြားသည်။

အဆိုပါအမှုတွင် သက်သေ ၂၅ ဦးအနက် ၂၂ ဦးကို စစ်ဆေးခဲ့ပြီး တပ်ကြပ်ကြီး ခင်မောင်လင်း အပါအဝင် သုံးဦးကို ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ်မှ တရားရုံးက ပယ်ချလိုက်သည်။

လာမည့်ရုံးချိန်းကို ဇူလိုင် ၂ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့သည်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးသည် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်ကို စုံစမ်းထောက်လှမ်းနေစဉ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်က ထောက်ကြန့်နယ်မြေ ရဲစခန်းက ဖမ်းဆီးခဲ့သည်။

The Voice

0 comments:

Post a Comment