Sunday, June 17, 2018

မတူပီ ကျေးရွာစာသင်ကျောင်း ဆရာမရောက်သေး၍ စာမသင်နိုင်


ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဟရင်ပီး (ခ) ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းတွင် တာဝန်ကျသည့်ဆရာ၊ ဆရာမများအပါအဝင် ပြဋ္ဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များလည်း ရောက်မလာသေး၍ ကျောင်းဖွင့်ပြီး ၁၅ ရက်ကျော်ကြာသည်အထိ စာမသင်ကြားနိုင်သေးကြောင်း ယင်းကျောင်းမှ ကျောင်းအုပ် ဦးဟရန်အုပ်က ပြောကြားသည်။ 

ဟရင်ပီး(ခ) ရွာသည် မတူပီမြို့နှင့် မိုင် ၁၀၀ ခန့်ကွာဝေးပြီး မတူပီမြို့နှင့် ထန်တလန်မြို့ နယ်စပ်အကြားတည်ရှိသည့် ကျေးရွာလည်းဖြစ်ကာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၄ ဦးနှင့် ကျောင်းအုပ် အပါအဝင် ဆရာ၊ ဆရာမ စုစုပေါင်း ၁၀ ဦးရှိကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

“ဗလာစာအုပ်တွေကလည်း ကျွန်တော် သွားထုတ်ပြီး ကားနဲ့တင်ခဲ့တာ။ ကားက လမ်းမှာတင် မိုးရွာပြီး လမ်းပိတ်နေလို့ အခုထိ စာအုပ်တွေ မရောက်နိုင်သေးဘူး။ ဆရာ၊ ဆရာမတွေလည်း လမ်းပိတ်လို့ မရောက်နိုင်ဆိုတော့ စာသင်ကြားမှု မလုပ်နိုင်သေးဘူး”ဟု ကျောင်းအုပ် ဦးဟရန်အုပ်ကဆိုသည်။ 

အဆိုပါ ကျောင်းရှိ ဆရာ၊ ဆရာမ ၁၀ ဦးအနက် ရှစ်ဦးသည် မတူပီမြို့သို့ သင်တန်းသွားတက်ရောက်နေပြီး ဇွန်လ ၈ ရက်နေ့ သင်တန်းဆင်းချိန် တာဝန်ကျရာရွာသို့ အသွားလမ်းတွင် မြေပြိုလမ်းပိတ်ခြင်းတို့ကြောင့် ခရီးဆက်မသွားနိုင်ဘဲ မတူပီမြို့သို့ပြန်ခဲ့ရာမှ ဇွန်လ ၁၆ ရက်နေ့ရောက်သည်အထိ စာသင်ကြားမှု မပြုလုပ်နိုင်သေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ယင်းကျောင်းတွင် စာသင်ဆောင် နှစ်ဆောင်ရှိပြီး၂၀၁၂ ခုနှစ်အတွင်းက လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့သည်ကို ပြန်ပြင်ပြီး သင်ကြားနေရာ မိုးမလုံသဖြင့် မိုးရွာပါက မိုးယိုပြီး စာမသင်နိုင်ကြောင်း၊ ယခုပညာသင်နှစ်၌ အစိုးရက တည်ဆောက်ပေးနေသည့် စာသင်ဆောင်မှာလည်း ယနေ့အထိ မပြီးသေးသောကြောင့် အဆောင်သစ်တွင်လည်း စာမသင်နိုင်သေးသည့် အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း အဆိုပါ ကျောင်းတာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။

The Voice

0 comments:

Post a Comment