Wednesday, June 6, 2018

ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအေဂျင်စီများသည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား အကောင် အထည်ဖော်ရာတွင် အထောက်အပံ့ပြုနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာနတွင် ဇွန်လ ၆ ရက် (ယနေ့) လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည် လက်ခံ ရေးလုပ်ငန်းစဉ်” ကို အကောင်အထည်ဖော်ရာတွင် မြန်မာအစိုးရ၏ဆောင်ရွက်ချက်များအား အထောက် အပံ့ပြုနိုင်ရေးအတွက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)တို့ကို ဖိတ်ခေါ်ခဲ့မှုအရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် နှစ်နိုင်ငံသဘောတူညီ ချက်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန် သံန္နိဋ္ဌာန်ချထားပြီး ဖြစ်သည့်အတိုင်း နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးချိန်မှစတင်၍ ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကြောင့် မြန်မာအစိုးရက ယမန်နှစ်ကပင် စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်သည့် နေရပ်စွန့်ခွာသွားသူများ မိမိသဘောဆန္ဒအလျောက် လုံခြုံဘေးကင်း သိက္ခာရှိစွာ ပြန်လာနိုင်ရေး လုပ်ငန်းများကို ပိုမိုအားဖြည့် မြှင့်တင်ပေးနိုင် မည်ဟု မျှော်လင့်ထားသည်။ ကုလသမဂ္ဂ အေဂျင်စီများ ပါဝင်မှုကြောင့် ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် ပိုမို၍ လျင်မြန်လာမည်ဟုလည်း မျှော်လင့်ထားသည်။

နိုင်ငံတော်အစိုးရ၏ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်ပါအတိုင်း နေရပ် စွန့်ခွာ သွားသူများ အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဘက်စုံ လွှမ်းခြုံပြီး ရေရှည်တည်တံ့သော ဖြေရှင်း ချက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)တို့၏ ထောက်ခံမှုကို ယခုနားလည်မှုစာချွန်လွှာတွင် အတည်ပြုထားသည်။ ယခု လက်မှတ်ရေးထိုးသော နားလည်မှုစာချွန်လွှာအရ နေရပ်စွန့်ခွါ သွားသူများ မိမိသဘောဆန္ဒအလျောက် ပြန်လာရေးနှင့် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရှေ့ပြေး စီမံကိန်း များ ဆောင်ရွက်နိုင်ရေး ဆန်းစစ်မှုများ ပြုလုပ်ရာတွင် လည်းကောင်း၊ အသိုင်းအ၀ိုင်းအားလုံးကို အကျိုး ဖြစ်ထွန်းစေမည့် အတူယှဉ်တွဲနေထိုင်ရေး ရှေ့ပြေးစီမံကိန်းနှင့် အခြားစီမံကိန်းများကို အကောင်အထည် ဖော်ရာတွင်လည်းကောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် မြန်မာအစိုးရအား အထောက်အပံ့ပြုသွားမည်ဖြစ်ပြီး အလားအလာရှိသောဒေသများတွင် ပြန်လည်ထူထောင် တည်ဆောက် ရေးကိုအခြေခံသော ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရာတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်နှင့် အတူတကွ ဆောင်ရွက်သွားမည် ဖြစ်သည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အနေဖြင့် ပြန်လည်ထူထောင် တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ လိုအပ် သည့် ဆန်းစစ်မှုများ ပြုလုပ်ရာတွင် ပေါင်းစပ်ညှိနှိုင်းရန်နှင့် အကူအညီပေးရန်အတွက် လည်းကောင်း၊ လူ့ အသိုင်းအ၀ိုင်းအားလုံးကို အကျိုးဖြစ်ထွန်းစေမည့် ပြန်လည်ထူထောင် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အတွက် စီမံကိန်းများ ရေးဆွဲရန်အတွက်လည်းကောင်း၊ အသိုင်းအ၀ိုင်း များကြား လူမှု သဟ ဇာတဖြစ်မှုကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင် ဆောင်ရွက်နိုင် ရန် အတွက်လည်းကောင်း မြန်မာနိုင်ငံအစိုးရကို အထောက်အပံ့ပြု သွားမည် ဖြစ်သည်။

၆။ နေရပ်စွန့်ခွာသွားသူများ မိမိဆန္ဒအလျောက် လုံခြုံဘေးကင်း သိက္ခာရှိစွာ ပြန်လာရေးအတွက် မြန်မာ နိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့အနေဖြင့် ရှေးယခင်ကပင် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့သည် နေရပ်စွန့်ခွာသွားသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆန္ဒအလျောက်ပြန်လာနိုင်ရေးတွင် အထောက်အပံ့ပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ မူဘောင်ဖြစ်သည့် နားလည်မှုစာချွန်လွှာကို ၁၉၉၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နေရပ်စွန့်ခွာသူ ၂၃၀၀၀၀ ခန့်ကို ပြန်လည် စိစစ်လက်ခံခဲ့သည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ကုလသမဂ္ဂ ဌာနညှိနှိုင်းရေးမှူး UN Resident Coordinator ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ကိုယ်စားလှယ် UNHCR representative တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ သည်။ နားလည်မှုစာချွန်လွှာအား ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ကနဦးလက်မှတ်တို ရေးထိုးခဲ့ပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပြီးသည့်နောက် ယနေ့ ဇွန်လ ၆ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။


Myanmar State Counsellor Office

0 comments:

Post a Comment