Monday, June 18, 2018

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့ တောင်ပြိုနယ်စပ်ခြံစည်းရိုးပြင်ပတွင် တရားမ၀င် တဲထိုးနေထိုင်ကြသည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံ


တောင်ပြိုနယ်စပ်ခြံစည်းရိုးပြင်ပတွင် တရားမ၀င် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schrane Burgener နှင့်အဖွဲ့သည် ဇွန် ၁၈ ရက် နံနက်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schrane Burgener နှင့်အဖွဲ့ သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုလက်ဝဲမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ရောက်ရှိခဲ့ ကာရှေးဦးစွာ နှစ်နိုင်ငံချစ်ကြည်ရေးနယ်စပ် တံတားသို့ သွားရောက်လေ့လာပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သည်။

ထို့နောက် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံမည့် လက်ခံရေးစခန်းတွင် လက်ခံရေးဆောင်ရွက်နေမှုကို လေ့လာခဲ့ကြောင်း သိရသည်။

လ၀ကစိစစ်ရေးစခန်း၊ လူကယ်ပြန်ဌာနနှင့် ကျန်းမာရေးဌာနတို့တွင် ဆောင်ရွက်ထားသည်များကို လေ့လာခဲ့ပြီး ပြန်လည်ဝင်ရောက်လာသူများအတွက် စိစစ်ဆောင်ရွက်ရမည့် ကိစ္စများကို လ၀က ဒုညွှန်မှုး ဦးကိုကိုသော်က ရှင်းလင်းပြောကြားခဲ့ပြီး NVC ကတ်ထုတ်ပေးနိုင်ရန် အချက်အလက်များ၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူဟုတ်၊ မဟုတ်စိစစ်ချက်များကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန် ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၁၁ နာရီခွဲတွင် တောင်ပြိုလက်ယာနှစ်နိုင်ငံ ခြံစည်းရိုးပြင်ပတွင် တရားမ၀င် တဲထိုးနေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်းနှင့် ဘင်္ဂါလီခေါင်းဆောင် ဒီမာမတ်ဆိုသူက ဘင်္ဂါလီများ၏ အခွင့်အရေးတောင်းဆိုချက်များကို ပြောကြားခဲ့ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါခြံစည်းရိုးအပြင်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး လူမနေထိုင်ရန် သတ်မှတ်ထားသည့် နေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမ၀င် တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသောနယ် နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုး ဖောက်ရာရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ တရားဝင်ကန့်ကွက်ထားသော်လည်း လက်ရှိတွင် တဲအိမ်များ ခြံစည်းရိုးနားအထိ တိုးချဲ့တည်ဆောက်လာနေပြီး လူဦးရေတိုးပွားလာကြောင်း သိရသည်။

ထို့နောက် မွန်းတည့် ၁၂ နာရီတွင် တောင်ပြိုလက်ဝဲ ရဟတ်ယာဉ်ကွင်းမှ ကြိမ်ချောင်းကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schrane Burgener နှင့်အဖွဲ့သည် ARSA  ဘင်္ဂါလီအစွန်း ရောက်အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ဟိန္ဒူဘာသာဝင်အမျိုးသမီးများ၊ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် မြိုတိုင်းရင်းသားများ၏ မိသားစုဝင်များ၊ အစ္စလာမ်ဘာသာဝင်တချို့နှင့် မောင်တောမြို့ခရိုင်ထွေ အုပ်ရုံးတွင် တွေ့ဆုံခဲ့ပြီး မော်တော်ကားဖြင့် မြို့တစ်ပတ်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အလားတူ နေရပ်စွန့်ခွာမှုမရှိသည့် ဘင်္ဂါလီကျေးရွာဖြစ်သော ပန်းတောပြင်ကျေးရွာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မောင်တောနယ်စပ်ခရီးစဉ်တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးးကြီးဖုန်းတင့်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ ညွှန်ကြားရေးမှုး ဒေါက်တာအောင်သူရိန်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် ဇွန် ၁၇ ရက်က ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး မြေပုံနှင့် စစ်တွေရှိဒုက္ခသည် စခန်းအချို့သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။ အလားတူ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည် ဇွန် ၁၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးးကြီး မင်းအောင်လှိုင်တို့နှင့်တွေ့ဆုံပြီး ဆွေးနွေးခဲ့သည်။

သားရွှေဦး(ကစ္ဆပ)
Eleven Media Group

0 comments:

Post a Comment