Monday, June 18, 2018

ရန်ကုန်တိုင်းရှိ အစိုးရဌာနများ ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း အစိုးရဝန်ခံ

ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းများ လုပ်ဆောင်ရာတွင် အစိုးရဌာနဆိုင်ရာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းလွှတ်တော်တွင် ဝန်ခံပြောဆိုခဲ့သည်။

ဇွန်လ ၁၈ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လက်ရှိ ဌာနချင်းချိတ်ဆက်ဆောင်ရွက်ရန် စီမံထားမှု အခြေအနေကို သိရှိလိုကြောင်းနှင့် ဌာနချင်း ချိတ်ဆက်ဆောင်ရွက်ရာတွင် တရားဝင်အမိန့်၊ ညွှန်ကြားချက်များ ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းမေးမြန်းမှုအပေါ် ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြောကြားသည်။

ရန်ကုန်တိုင်းအစိုးရအနေနှင့် ယခင်ကာလများက ဌာနချင်းချိတ်ဆက်မှု အမှန်တကယ် အားနည်းခဲ့သည်ဟု ဒေါ်နီလာကျော်က ဝန်ခံပြောဆိုခဲ့ပြီး YCDC မှ လမ်းခင်းရာတွင် ဓာတ်တိုင်များ၊ ဆက်သွယ်ရေးတာဝါများ မရွှေ့ပြောင်းရသေးသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် တိုင်းအစိုးရအနေနှင့် စီမံကိန်းတစ်ခုချင်းစီအလိုက် ဌာနဆိုင်ရာ အားလုံးကိုခေါ်ယူကာ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။

ယခုနောက်ပိုင်း စီမံကိန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သော YCDC ၊ YESC ၊ တိုင်းစည်ပင်သာယာ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တော အစရှိသည့်ဌာနစုံ၏ သဘောထားမှတ်ချက်များကိုရယူပြီး ညှိနှိုင်းဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ ဌာနဆိုင်ရာများ ချိတ်ဆက်မှု အားနည်းသည့် ဆောင်ရွက်ချက်များကြောင့် နိုင်ငံတော်အတွက် မလိုလားအပ်သည့် ပြည်သူ့ဘဏ္ဍာများ၊ အချိန်များ ဆုံးရှုံးရခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာကြောင်း တိုင်းလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောကြားသည်။

The Voice

0 comments:

Post a Comment