Tuesday, June 5, 2018

တောင်ကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် နေအိမ်များ ရေမြုပ်ပြီး ကျောင်းသား ကလေးငယ်တစ်ဦး သေဆုံးခဲ့


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန် ၅ ရက် ညနေခင်း ၃ နာရီတွင် မိုးသည်းထန်စွာ စတင်ရွာသွန်းလိုက်ခြင်းကြောင့် ပဉ္စမတန်းအရွယ် ကျောင်းသားငယ်တစ်ဦး ရေမြောင်းထဲမျောပါပြီး သေဆုံးမှု တစ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အနောက်မြို့ပတ်လမ်းရှိ ၂၁၂ ဆိုင်ခန်းများအနီး အမက (၁၁) မှ ပဉ္စမတန်းကျောင်းသား ကလေးငယ်တစ်ဦးသည် ကျောင်းဆင်းချိန်တွင် ခြေထောက်ဆေးရင်း ရေထဲမျောပါသွားပြီး ပြန်လည်ဆယ်မိချိန်တွင် တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးသို့ ပို့ဆောင်ချိန်၌ သေဆုံးသွားသည်ဟု သိရသည်။

တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၊ ဘုရားဖြူအတက်လမ်းရှိ အေးစေတီဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းနံရံများလည်း ပြိုလဲခြင်း။ စ၀်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ချယ်ရီကွင်း ဟိုတယ် အနောက်ဘက်လမ်း၊ ညောင်ပင်သာရပ်ကွက်ရှိ ဦးကြီးခမ်းလော်လမ်း၊ သီပေါမနန်းထွေး ခေါက်ဆွဲဆိုင်လမ်း၊ အနောက်မြို့ပတ်လမ်းရှိ စ၀်စံထွန်းအောက်ဈေးတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် လူများနစ်မြုပ်သည်အထိ ရေကြီးခဲ့ကြောင်း သိရသည်၊

တောင်ကြီးမြို့ရှိ ၂၂ ရပ်ကွက်တွင် မြေနိမ့်ပိုင်းကျသော ရပ်ကွက်တိုင်းနီးပါးတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် အုတ်တံတိုင်းပြိုကျသော နေအိမ်များလည်း ရှိကြောင်း သိရသည်၊။

တောင်ကြီးမြို့တွင် ဇွန် ၂ ရက်နှင့် ၃ ရက်တို့တွင် မုန်တိုင်းကြောင့် သစ်ပင်များပြိုလဲခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။










စည်သာ (တောင်ကြီး)
Eleven Media Group


0 comments:

Post a Comment