Sunday, June 17, 2018

နန်းမြို့ရိုးပတ်လည် တပ်မတော်က ကျောက်ချောလမ်းခင်း


မန္တလေးနန်းမြို့ရိုးပတ်လည်တွင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

မန္တလေးနန်းမြို့ရိုးတစ်လျှောက် သာယာလှပရေးနှင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေး တပ်နယ်မှ တပ်မတော်သားများက ကျောက်ချောလမ်း ခင်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဇွန်လ ၁၆ ရက်နေ့က နန်းမြို့ရိုး အရှေ့ဘက်မှ တောင်ဘက်အထိ လမ်းခင်းခဲ့ရာ လမ်းခင်းခြင်းနှင့်အတူ နန်းမြို့ရိုးတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် နန်းမြို့ရိုးအရှေ့ဘက်မှ တောင်ဘက်တစ်လျှောက်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းကာ သန့်ရှင်းရေးပြုလုပ်ပေးခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့တွင် ကျုံးတောင်ဘက်ခြမ်း၌ လမ်းခင်းခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့် ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

“မြို့သာယာအောင်၊ တိုးတက်အောင် လုပ်တာဆိုလို့ရှိရင် ဘယ်အရာမဆို သဘောကျတယ်။ ကောင်းတယ်။ မန်းသီတာဥယျာဉ်ကလည်း အရင်တုန်းက ရှိခဲ့တယ်။ မြို့အတွက်လည်း အနားယူ အပန်းဖြေတဲ့နေရာတွေ လိုအပ်နေတဲ့အတွက် မန်းသီတာဥယျာဉ်ကို ပြန်လည် ဖော်ဆောင်မယ်ဆိုရင် ဒါလည်း အင်မတန်မှ နှစ်သက်စရာ ကောင်းတယ်”ဟု မန္တလေးမြို့ခံစာရေးဆရာ ဦးကျော်ရင်မြင့်က ပြောကြားသည်။

မန္တလေးကျုံးမြို့ရိုးနှင့် ကျုံးရေပြင်ကြားရှိ မြေကွက်လပ်တွင် ၁၉၅၉ မှ ၁၉၉၃ ခုနှစ်အထိ မန်းသီတာဥယျာဉ်ရှိခဲ့ရာ ယင်းဥယျာဉ်သည် ယခင်က ၇၃ လမ်းမှ လမ်း ၈၀ အထိ အကျယ်အဝန်းရှိခဲ့ရာမှ ယခုအခါ ၆၆ လမ်းမှ လမ်း ၈၀ အထိ နေရာတိုးချဲ့မည်ဖြစ်ပြီး ယင်းလုပ်ငန်းများကိုလည်း တပ်မတော်ကပင် ပြုလုပ်မည်ဖြစ်သည်။

The Voice

0 comments:

Post a Comment