Monday, June 18, 2018

အမေရိကန်တစ်ဒေါ်လာ ၁၃ ကျပ်အထိ ဈေးတက်


နိုင်ငံတကာ၌ အမေရိကန် ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းအပြင် ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းတို့ကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အမေရိကန် ဒေါ်လာလဲနှုန်းများ မြင့်တက်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

အမေရိကန် ဒေါ်လာဈေးသည် ဇွန်လ ၁၄ ရက် နောက်ပိုင်းမှစတင်၍ မြင့်တက်လာခြင်းဖြစ်ပြီး ယင်းနေ့ကထက် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် မူလထက်ကျပ် ၁၃ ကျပ်အထိမြင့်တက်ပြီး ဗဟိုဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၅ ကျပ်မြင့်တက်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိ ငွေကြေးဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၆၃ ကျပ်ရှိပြီး ဗဟိုဘဏ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၅၉ ကျပ်ရှိကာ ပုဂ္ဂလိက ဘဏ်များ၌ တစ်ဒေါ်လာလျှင် ၁၃၆၁ ကျပ် သတ်မှတ်ထားကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိပြည်တွင်း ငွေကြေးဈေးကွက်၌ မည်သည့်ငွေကြေးဈေးနှုန်းမျှ ပြောင်းလဲခြင်း မရှိသော်လည်း ဒေါ်လာဈေးသာ ပြောင်းလဲလာခြင်းဖြစ်ပြီး ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

“ဒေါ်လာက ကုန်သွယ်မှုအတွက် ဝယ်လိုအား များနေတယ်။ ရောင်းလိုအားကတော့ ပုံမှန်ပါပဲ။ ကမ္ဘာ့ရွှေဈေး ထပ်ကျမယ်ဆိုရင်တော့ ဒေါ်လာဈေးက ထပ်တက်နိုင်ခြေရှိပါတယ်”ဟု Myanmar Sunflower ငွေလဲကောင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိကမ္ဘာ့ရွှေဈေးကွက်တွင်ပြီးခဲ့သည့်အပတ်တွင်းက တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၃၀၀ ခန့်မှ ယခုအခါ တစ်အောင်စလျှင် ၁၂၈၀ အထိ ကျဆင်းလျက် ရှိသော်လည်း ပြည်တွင်း ရွှေဈေးမှာမူ ကျဆင်းခြင်းမရှိဘဲ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၉၃၆,ဝ၀၀ ဈေးရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းနှုန်းကို ယခင်က ပြည်တွင်း ပြင်ပ ပေါက်ဈေးအတိုင်း သတ်မှတ်ခဲ့သော်လည်း ယခုအခါ ပြည်ပ ငွေအလွှဲအပြောင်းများပေါ် မူတည်၍ သတ်မှတ်သည့်ပုံစံသို့ ပြောင်းလဲလိုက်ခြင်းကြောင့် ယခုနောက်ပိုင်း၌ ဗဟိုဘဏ် သတ်မှတ်ဈေးမှာ ပြင်ပ ဒေါ်လာပေါက်ဈေးထက် မြင့်မားနေခြင်းများရှိခဲ့ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

သို့သော်ဇွန်လ ၁၈ ရက်နေ့ ဗဟိုဘဏ် သတ်မှတ်နှုန်းနှင့် ပြည်ပပေါက်ဈေးတွင်မူ ပြင်ပပေါက်ဈေးက ဈေးနှုန်း ပိုမိုလျက်ရှိသည်။

The Voice

0 comments:

Post a Comment