Sunday, June 17, 2018

ကိုယ်ဝန်ဖျက်ချသည့်ကိစ္စသည် နာဇီခေတ် လူသားသန့်စင်မှု စီမံချက်ဆိုးကြီးနှင့်တူသည်ဟု ပုပ်ရဟန်းမင်းကြီး သတိပေး


ကလေးမမွေးဖွားလိုသောကြောင့် ကိုယ်ဝန်ဖျက်ချသည့် အလေ့အထသည် ဒုတိယကမ္ဘာခေတ်ကာလက လူသားသန့်စင်သည့် အစီအစဉ်များနှင့် တူညီနေသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေး ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီတလီနိုင်ငံတွင် ကျင်းပသော ကက်သလစ်ဘာသာရေးဆိုင်ရာ ဖိုရမ်တစ်ခုတွင် အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ရာစုနှစ်မှာ ကမ္ဘာကြီးဟာ လူမျိုးသန့်စင်ရေးဆိုတဲ့ နာဇီတွေရဲ့လုပ်ရပ်ကြောင့် အပုပ်နံ့ထွက်ခဲ့ရပါတယ်။ ဒီကနေ့မှာလည်း ကျွန်ုပ်တို့တွေ အလားတူ လုပ်ရပ်မျိုးကို လုပ်နေကြတာပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ လက်အိတ်အဖြူတွေနဲ့ပေါ့”ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ၎င်း၏ဇာတိမြေ အာဂျင်တီးနားနိုင်ငံ၌ ကိုယ်ဝန်ဖျက်ချမှုကို အားပေးသည့် ဥပဒေကြမ်းတစ်ရပ် ထွက်ပေါ်လာအောင် စီစဉ်လျက်ရှိစဉ် ယင်းသို့ နာဇီခေတ်နှင့် ဥပမာပေးကာ ခိုင်းနှိုင်းပြောဆိုခြင်းလည်းဖြစ်သည်။

နာဇီခေတ်ကာလက လူထောင်ပေါင်း များစွာမှာ အဓမ္မဖိအားပေးကာ သားကြောဖြတ်ခံခဲ့ရသလို အခြား ထောင်ပေါင်း များစွာမှာလည်း ရုပ်ပိုင်းဆိုင်ရာ လူစဉ်မမီနိုင် သို့မဟုတ် မသန်စွမ်းဖြစ်နိုင်သည့် အခြေအနေမှ ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသည်။

ပုပ်ရဟန်းမင်းကြီးက ၎င်းငယ်စဉ် ဘဝက ကလေးငယ်များနှင့်ပတ်သက်၍ ၎င်း၏ဆရာမဖြစ်သူထံမှ ကြားသိခဲ့ရသော ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကိုလည်း ပြန်လည် ပြောပြသည်။ ယင်းဇာတ်လမ်းအရ ကိုယ်အင်္ဂါမပြည့်စုံဘဲ မွေးဖွားလာသော ကလေးငယ်များကို တောင်တစ်ခုပေါ်မှ ပစ်ချခံကြရသည်။

ယနေ့ခေတ်တွင် မိသားစု အတော်များများ ကလေးမယူဘဲ နေထိုင်ကြသလို အချို့သော မိသားစုများက ၎င်းတို့၏ ရင်သွေးငယ်များ ကိုယ်အင်္ဂါ အပြည့်အစုံ ပါရှိခြင်း ရှိ၊ မရှိကို ကြိုတင်စမ်းသပ်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်မှာ ဝမ်းနည်းရကြောင်း ပြောကြားသည်။

“ပထမဆုံး အကျွန်ုပ်ပြောတာက အဲဒီလို ကလေးဖျက်ချတယ်ဆိုတဲ့ ကလေးသတ်တဲ့အလုပ် လုပ်နေကြမလား၊ ဘဝမှာ သက်သောင့်သက်သာနဲ့ နေရဖို့အတွက် အပြစ်မဲ့တဲ့ကလေးတွေကို ဖျက်ချပစ်မလား”ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။

“ကိုယ့်ဆီလာတဲ့ကလေးတွေကို လက်ခံသင့်ပါတယ်၊ သူတို့ကို ဘုရားသခင်က လွှတ်လိုက်တာပါ၊ ဘုရားသခင်က ခွင့်ပြုပေးထားတာဆိုတော့ သူတို့လေးတွေ နေမကောင်းဖြစ်နေရင်တောင် လက်ခံရပါမယ်”ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားသည်။

မကြာသေးခင်က ကိုယ်ဝန်ဖျက်ချမှုကို တရားဝင် ဥပဒေရေးဆွဲပြဋ္ဌာန်းခဲ့သည့် အိုင်ယာလန်နိုင်ငံသို့ အလည်အပတ် သွားရောက်မည့်အခါတွင် ပုပ်ရဟန်းမင်းကြီးအနေနှင့် ယင်းကိစ္စကို ထုတ်ဖော် သတိပေးလိမ့်မည်ဟု ယူဆရသည်။

ပုပ်ရဟန်းမင်းကြီး၏ ဇာတိမြေဖြစ်သော အာဂျင်တီးနားနိုင်ငံတွင်မူ ပါလီမန်အောက်လွှတ်တော်က ကိုယ်ဝန်ဖျက်ချသည့်ကိစ္စကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတစ်ရပ်အား မကြာသေးခင်က အတည်ပြုလိုက်သည်။

အာဂျင်တီးနား၏ တည်ဆဲဥပဒေအရ ကိုယ်ဝန်ဖျက်ချသည့်ကိစ္စကို မုဒိမ်းမှု သို့မဟုတ် မိခင်ဖြစ်သူ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသောအခြေအနေဖြစ်မှသာ ခွင့်ပြုထားသည်။

The Voice

0 comments:

Post a Comment