Sunday, June 17, 2018

ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရခိုင်ရောက်


ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christine Schraner Burgener နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဇွန်လ ၁၇ ရက် နံနက်က ရောက်ရှိလာပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ယင်းနောက် မြေပုံမြို့နယ်တွင် ပိတ်သိမ်းနေသော ဘင်္ဂါလီများနေထိုင်ရာ တောင်ပေါ် IDP စခန်းနှင့် စစ်တွေမြို့ရှိ သက္ကယ်ပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၁၈ ရက်တွင် မောင်တောမြို့နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ရုံးထံမှ သိရသည်။

“တောင်ပေါ် IDP စခန်းနေသူတွေက အခု အိမ်ဆောက်ပေးထားတဲ့နေရာမှာ ရေမြုပ်တယ်လို့ တင်ပြကြတယ်၊ အဲဒီတစ်နေရာတည်း ရေမြုပ်တာတော့မဟုတ်ဘူးပေါ့၊ နောက် သူတို့ သွားလာလို့မရတာတွေ တင်ပြကြတယ်”ဟု မြေပုံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ရှင်းပြသည်။

အဆိုပါအဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ဇွန်လ ၁၃ ရက်က တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံခဲ့ရာ ရခိုင်ပြည်နယ် အရေးဖြေရှင်းရာ၌ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်နိုင်ရန်အတွက် ညှိနိုင်းဆောင်ရွက်ရေး၊ မြေပြင် အခြေအနေ နက်နဲရှုပ်ထွေးမှုများ၏ ပကတိ အခြေအနေများအား သိရှိနားလည်ပြီး အမှန်တရားဘက်မှ ရပ်တည်ကာ အခြေအနေမှန်များကို နိုင်ငံတကာ အသိုက်အဝန်းက သိရှိလာစေရေးအတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

The Voice

0 comments:

Post a Comment