Monday, June 18, 2018

နာမည်ကျော် မလေးရှားမူးယစ်အမှုနှင့် ဆက်စပ်ထားဝယ်လုပ်ငန်းရှင်ကို ဖမ်းဆီး


ထားဝယ်မြို့တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် လုပ်ငန်းရှင် အမျိုးသားတစ်ဦးကို ဇွန်လ ၁၂ ရက်ညက မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးလိုက်သည်။

ယင်းအမျိုးသားမှာ မြန်မာနိုင်ငံမှ မူးယစ်ဆေးတစ်တန်ကျော် မလေးရှားနိုင်ငံသို့ တင်ပို့သည့် နာမည်ကျော်အမှုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ရကြောင်း Dawei Watch ၏ သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

၁ ဒသမ ၂ တန်နီးပါးရှိ မက်အဖက်တမင်း မူးယစ်ဆေးဝါးများကို ကုန်သေတ္တာတစ်လုံးအတွင်း လက်ဖက်ခြောက်ထုပ်များအတွင်းဝှက်ကာ မလေးရှားနိုင်ငံသို့ တင်ပို့လိုက်ရာမှ မေလ ၂၂ ရက်နေ့က ဖမ်းမိသွားခြင်း ဖြစ်သည်။

ယင်းသည် မလေးရှားနိုင်ငံသမိုင်းတွင် အများဆုံး ဖမ်းဆီးရမိသော မူးယစ်ဆေး ပမာဏလည်းဖြစ်ပြီး အာဆီယံဒေသအတွင်း လူစိတ်ဝင်စားမှု များပြားသော သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး မလေးရှား နိုင်ငံသားသုံးဦးနှင့် မြန်မာသုံးဦးကို မလေးရှားရဲက ဖမ်းဆီးထားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မူ အမျိုးသားသုံးဦးကို ဖမ်းဆီးထားပြီးနောက် များမကြာမီ ဇွန်လ ၁၂ ရက်နေ့တွင် ထားဝယ်လုပ်ငန်းရှင် အမျိုးသားကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ အဆိုပါ အမျိုးသားနေထိုင်သည်ဆိုသည့်အိမ်ကို ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့် တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာ ICE မူးယစ်ဆေးများ (ခန့်မှန်း ၁၀ ဂရမ်ခန့်) ဖမ်းမိခဲ့ပြီး အဆိုပါ အမျိုးသားကို မတွေ့ရခဲ့ကြောင်း ရှာဖွေဖမ်းဆီးရာတွင် သက်သေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည့် ကျောက်မော်/ရှမ္မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောဆိုသည်။

“အိမ်အပေါ်ထပ်မှာရှိတဲ့ အိပ်ခန်းထဲမှာ ICE အထုပ်ငယ်နှစ်ထုပ် တွေ့တယ်၊ နိုင်ငံခြားဖြစ် ဆေးရှူတဲ့အိုးတစ်လုံးပါတွေ့တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါအိမ်ဝင်းအတွင်း ရပ်နားထားသည့် ခဲရောင်အိမ်စီးကား တစ်စီးကိုပါ သိမ်းဆည်းခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းနောက် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဖြစ်သည့် မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ယင်းနေ့ ညပိုင်းက ထိုအမျိုးသားကို ယာဉ်တစ်စီးပေါ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည့် နှစ်ထပ်တိုက်အိမ်ကို ပြီးခဲ့သည့် ၂ နှစ်ခန့်က ဆောက်လုပ်ထားပြီး တစ်ခါတစ်ရံမှသာ လူလာရောက်နေထိုင်ကြောင်း အိမ်နီးချင်းအချို့ထံမှ စုံစမ်းသိရှိရသည်။

“သူတို့ ဘယ်လိုစီးပွားရေးလုပ်နေလဲ ကျွန်မလည်း မသိဘူး။ သူတို့အိမ်မှာ CCTV လည်း တပ်ထားတယ်”ဟု အိမ်နီးချင်းတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသောလုပ်ငန်းရှင် အမျိုးသားသည် မလေးရှားနိုင်ငံတွင် ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ဖူးကြောင်း မလေးရှားနိုင်ငံတွင် အတူအလုပ်လုပ်ခဲ့ဖူးသူ ထားဝယ်မြို့နေ အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသား၏ အစ်မနှင့် ညီမတို့နေထိုင်သည့် ထားဝယ်မြို့၊ အခြားရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကိုလည်း ဝင်ရောက်ရှာဖွေခဲ့သည်။

ယင်းအပြင် ယင်းအမျိုးသား ပိုင်ဆိုင်သည်ဆိုသည့် ထားဝယ်မြို့ပေါ်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့်ဟိုတယ်တစ်လုံးကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။

“ဒီအဆောက်အအုံကို ဘယ်သူပိုင်မှန်းလဲမသိဘူး၊ သူဌေးကို မြင်လည်းမမြင်ဖူးဘူး၊ အလုပ်ကတော့ နေ့တိုင်း လုပ်နေတယ်၊ ပိတ်မထားဘူး”ဟု အဆိုပါဟိုတယ်ကို ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဆောက်လုပ်ရေး လုပ်သားတစ်ဦးက ပြောသည်။

ထားဝယ်မြို့ရှိ လုပ်ငန်းရှင် အမျိုးသား ဖမ်းမိသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မလေးရှားမူးယစ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသော အခြားအမျိုးသားသုံးဦးမှာ အဓိကတရားခံ မောင်မောင် (ခ) ဟာဂျီယက်ဆင်း၊ ကုန်ပစ္စည်းပို့ဆောင်ပေးသူ ဦးမင်းနိုင်နှင့် မောင်မောင်၏ ယောက်ဖတော်စပ်သူ ဇေယျာဟိန်းတို့ ဖြစ်ကြောင်း Myanmar Now သတင်းဌာနတွင် ဖော်ပြထားသည်။

မူးယစ်ဆေးကုန်သေတ္တာကို ရန်ကုန်မြို့အခြေစိုက် Nice Guy Clearance Service Agency က တင်ပို့ခဲ့ပြီး ဦးကောင်း ထရေးဒင်း ကုမ္ပဏီလီမိတက်က တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အမှု၏ အဓိကတရားခံဟု စွပ်စွဲထားသည့် မောင်မောင်(ခ) ဟာဂျီယက်ဆင်းကို ဇွန်လ ၅ ရက်နေ့တွင် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း အုန်းချောကျေးရွာ ၁၆ မိုင် ဂိတ်တွင် ဖမ်းဆီးရမိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မောင်မောင်သည် ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီး မလေးရှာနိုင်ငံ ကွာလာလမ်ပူ နှင့် ပီနန်မြို့များတွင် “အောင်ရတနာ”အမည်ဖြင့် ကုန်စုံဆိုင်ခွဲပေါင်း ငါးဆိုင်ဖွင့်လှစ်ကာ မြန်မာမှ စားသောက်ကုန်မှအစ ကုန်ပစ္စည်းပေါင်းစုံ မှာယူကာ မလေးရှားတွင် ပြန်လည် ရောင်းချသူတစ်ဦးဖြစ်ကြောင်း Myanmar Now သတင်းဌာနက ရေးသားဖော်ပြထားသည်။

အခြားတရားခံတစ်ဦးဖြစ်သူ မင်းနိုင်မှာ စာရွက်စာတမ်း ကိစ္စရပ်များ အကျိုးဆောင်ပေးသော Nice Guy Clearance Service Agency ပိုင်ရှင်ဖြစ်ပြီး မောင်မောင်၏လုပ်ငန်းများကို ဝန်ဆောင်မှုပေးခဲ့သည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ကြောင်း Myanmar Now က ဆိုသည်။

မောင်မောင်အပါအဝင် ဖမ်းဆီးခံထားရသူ အခြားအမျိုးသားနှစ်ဦးကို ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဆိပ်ကမ်းမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူခဲ့သည်။

Dawei Watch

0 comments:

Post a Comment