Tuesday, August 14, 2018

အမေရိကန် ကာကွယ်ရေးဥပဒေကို တရုတ်အစိုးရ အပြင်းအထန် ကန့်ကွက်


သြဂုတ် ၁၃ ရက်နေ့က အတည်ပြုလိုက်တဲ့ အမေရိကန် ကာကွယ်ရေးဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ သြဂုတ် ၁၄ ရက်နေ့မှာ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။

အဲဒီဥပဒေမှာ တရုတ်ရဲ့ လုပ်ရပ်တွေကို တန်ပြန်ဖို့ မဟာဗျူဟာ ရေးဆွဲခြင်းနဲ့ ထိုင်ဝမ်ရဲ့ စစ်ရေးစွမ်းရည် အဆင်သင့်ဖြစ်မှုကို ဆန်းစစ်တာမျိုးတွေ ပါဝင်တဲ့အတွက် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွက် အတည်ပြုလိုက်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး အာဏာပြုရေးဥပဒေလို့ ခေါ်တဲ့ အဲဒီဥပဒေကို သြဂုတ် ၁၃ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုး အတည်ပြုလိုက်ပြီလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အတည်ပြုပေးလိုက်တဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး “ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်ကို အကြိမ်ကြိမ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ကိုလည်း တရားဝင် အကြောင်းကြာစာ ပို့ထားပြီးဖြစ်ပါတယ်။ အခုလို တရုတ်ရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေမှုကို လျစ်လျူရှုပြီး ဒီဥပဒေကို အတည်ပြုလိုက်တဲ့ ကိစ္စကို တရုတ်နိုင်ငံအနေနဲ့ အလွန်မကျေမနပ် ဖြစ်ရတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုကန်းရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment