Thursday, August 16, 2018

ကမ္ဘာ့အနေပျော်ဆုံး မြို့တော် ၃၀ တွင် ဂျာမနီမှ ၅ မြို့ ပါဝင်


ကမ္ဘာ့အနေပျော်ဆုံးမြို့တော် ၃၀ စာရင်းကို Economist Intelligence Unit (EIU) က အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့ရာ ဂျာမနီမှ ဖရန့်ဖွတ်၊ ဟမ်းဘတ်၊ ဘာလင်၊ မြူးနစ်နှင့် ဒူဆယ်ဒေါ့ဖ် ၅ မြို့ ပါဝင်လာသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ယူကေ Economist မဂ္ဂဇင်း၏ EIU အဖွဲ့က လေ့လာထုတ်ပြန်သော စာရင်းတွင် ဖရန့်ဖွတ်သည် ပေးမှတ် ၁၀၀ တွင် ၉၆ မှတ်ဖြင့် အဆင့် ၁၂ ရရှိခဲ့သည်။ ဒူဆယ်ဒေါ့ဖ် ရရှိသော ၉၃ မှတ်ထက် ပိုနည်းသော ဂျာမန်မြို့ မရှိသည့်အပြင် ၅ မြို့စလုံးသည် ဥရောပ၏ အကောင်းဆုံး ၁၅ မြို့တွင် ပါဝင်ခဲ့သည်။

ကမ္ဘာတစ်လွှား မြို့တော်ပေါင်း ၁၄၀ ၏ လူနေမှုပုံစံများကို လေ့လာ၍ အမှတ်ပေးခဲ့ရာတွင် ဗီယင်နာက အမြင့်ဆုံး ၉၉ ဒသမ ၁ မှတ် ရရှိခဲ့သည်။ ဩစတြီးယား မြို့တော်သည် ပထမဆုံးအကြိမ် ထိပ်ဆုံးအဆင့် ရရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ၇ နှစ် ဆက်တိုက် သရဖူဆောင်းခဲ့သော မဲလ်ဘုန်းကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဩစတြေးလျ၏ မဲလ်ဘုန်း၊ ဆစ်ဒနီ၊ အက်ဒီလိတ်နှင့် ကနေဒါ၏ ကယ်လ်ဂါရီ၊ ဗန်ကူးဗား၊ တိုရန်တိုတို့ ပါဝင်ခဲ့ကြပြီး ဂျပန်နိုင်ငံမှ အိုဆာကာနှင့် တိုကျိုတို့ ပါဝင်သည်။

အဆင့် ၉ ရရှိသော ကိုပင်ဟေဂင်သည် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းဝင်သည့် တစ်ခုတည်းသော ဥရောပမြို့တော်ဖြစ်သည်။

ဟမ်းဘတ်သည် ၉၅ မှတ်ရရှိသော်လည်း ၂၀၁၅ နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှ လျှောကျခဲ့ပြီး အဆင့် ၁၈ သို့ ကျဆင်းခဲ့သည်။ ရမှတ်ပြောင်းလဲမှု မများသော်လည်း အောက်ကလန်သည် အဆင့် ၈ မှ ၁၂ သို့၊ ပတ်သက်သည် အဆင့် ၇ မှ ၁၄ သို့၊ ဟယ်လ်ဆင်ကီသည် အဆင့် ၉ မှ ၁၆ သို့ ကျဆင်းခဲ့ကြသည်။

EIU ၏ လေ့လာမှုသည် ကမ္ဘာတစ်လွှားရှိမြို့ကြီးများကို တည်ငြိမ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ အခြေခံအဆောက်အဦး စသော အထွေထွေခေါင်းစဉ်ငါးမျိုးတွင် အကျုံးဝင်သည့် အရည်အသွေးနှင့် အရေအတွက်ဆိုင်ရာ သတ်မှတ်စံနှုန်း ၃၀ အပေါ် အခြေခံကာ အမှတ်ပေးထားခြင်းဖြစ်သည်။

ဥရောပမြို့တော်များအနက် မန်ချက်စတာက ၁၆ ဆင့်ခုန်ကာ အဆင့် ၃၅၊ ပဲရစ်က ၁၃ ဆင့်ခုန်ကာ အဆင့် ၁၉၊ ကိုပင်ဟေဂင်က ၁၂ ဆင့်ခုန်ကာ အဆင့် ၉ အသီးသီး ရရှိကာ ကြီးမားသော အဆင့်တက်မှုကို တွေ့ကြုံခဲ့ကြသည်။

မန်ချက်စတာနှင့် ပဲရစ်သည် ဥရောပတွင် တည်ငြိမ်မှုရမှတ်အနည်းဆုံးဖြစ်သော်လည်း မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို ခံနိုင်ရည်ရှိကြသည်ဟု လေ့လာမှုတွင် သုံးသပ်ထားသည်။

“ဥရောပတွင် အမျိုးသားရေးဝါဒ ကြီးထွားလာသော်လည်း ရွှေ့ပြောင်းဒုက္ခသည်ပြဿနာ၊ ဘရိတ်ဆစ်နှင့် ကတ်တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲကိစ္စများမှ ထွက်ပေါ်လာသော လူမှုဆိုင်ရာ ပဋိပက္ခများမှာမူ ယေဘူယျအားဖြင့် တည်ငြိမ်မှုရှိခဲ့သည်ကို တွေ့ရသည်။ ဥရောပမြို့များသည် ပြီးခဲ့သောနှစ်အတွင်း လုံခြုံမှုသိသိသာသာ တိုးတက်လာခဲ့သည်” ဟု ဆာဗေးအယ်ဒီ တာ ရိုဆာနာဆလက်ဗ်ချီဗာက အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice

0 comments:

Post a Comment