Thursday, August 16, 2018

ယာဉ်မှတ်ပုံတင်ကြေး မသွင်းသေးသည့်ယာဉ် ၁၉၀၀ ကျော်ကို အရေးယူမည်


မော်တော်ယာဉ်များတွင် မူသေအမှတ်များ ရယူထားသော်လည်း ယာဉ်မှတ်ပုံတင်အခငွေများကို ယခုကြေညာချက်ထုတ်ပြန်သည့် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ တစ်လအတွင်း အပြီးပေးသွင်းရန်နှင့် ပေးသွင်းခြင်းမရှိသည့် ယာဉ်အစီးရေ ၁၉၀၀ ကျော်ကို အရေးယူမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မှတ်ပုံတင်ကြေး မပေးသွင်းသည့် ယာဉ်များစာရင်းတွင် ၂၀၁၄ ခုနှစ်မှစတင်၍ မပေးသွင်းဘဲ စီးနင်းနေကြသည့် ယာဉ်များလည်းပါဝင်နေပြီး ကနဦးမှတ်ပုံတင် ယာဉ်အချို့သည် မူသေအမှတ်ရယူ၍ ယာဉ်စစ်ဆေးထားသော်လည်း နိုင်ငံတော်သို့ပေးသွင်းရမည့် အခကြေးငွေများကို မပေးသွင်းဘဲ မော်တော်ယာဉ်ကို အချိန်ကာလကြာမြင့်စွာ အသုံးပြုနေကြသည့်အတွက် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် ဥပဒေအရ အရေးယူဆောင်ရွက်ရန်လိုအပ်လာကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

ယခုထုတ်ပြန်ချက်သည် ယာဉ်နံပါတ်များစာရင်းတွင် ပါဝင်နေသော်လည်း မှတ်ပုံတင်ဆောင်ရွက်ပြီးကြောင်း ခိုင်လုံသည့် အထောက်အထားများ၊ အခငွေ ပေးသွင်းထားခြင်းများရှိပါက ယာဉ်ပိုင်ရှင်များအနေနှင့် ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ဌာနများတွင် တင်ပြလုပ်ဆောင်နေကြောင်း ကညန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါယာဉ်များအနေနှင့် တစ်လလျှင် ဒဏ်ကြေး ကျပ် ၉ သောင်းဖြင့် တွက်ချက်ပါက ယခုစာရင်းတွင် ၂၀၁၄ ခုနှစ်မှစတင်၍ မှတ်ပုံတင်ခ မပေးသွင်းသည့်ယာဉ်များ ပါဝင်နေသဖြင့် လေးနှစ်စာဆိုပါက ကားတစ်စီးလျှင် ကျပ်သိန်း ၄၀ ကျော် ပေးသွင်းရမည်ဖြစ်ပြီး မှတ်ပုံတင်ခမှာ ကားတစ်စီးလျှင် အင်ဂျင်ပါဝါအလိုက် ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိရှိကြောင်း Distinct Trading မော်တော်ယာဉ်တင်သွင်းရောင်းချသည့် ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးထွဋ်ထိပ်က တွက်ချက်ပြသည်။

“တချို့က ကညနမှတ်ပုံတင်ခ မပေးသွင်းဘဲ ဒီအတိုင်း စီးကြတယ်။ တချို့ဆို နှစ်နဲ့တောင် ချီနေပါပြီ။ အခုလို ကညန ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် မှတ်ပုံတင်ခကို မဖြစ်မနေ ပေးသွင်းကြရတော့မယ်။ မှတ်ပုံတင်ကြေးက ဒေါ်လာ ငွေလဲနှုန်းပေါ်မှာ မူတည်ပြီး တွက်ချက်တာမို့ အခုလို ဒေါ်လာဈေး မြင့်တက်နေချိန်ဆိုတော့ ပေးသွင်းရမယ့်ပမာဏလည်း များကုန်မှာပါ။ ဒဏ်ကြေးက မပြောင်းလဲပေမယ့် မှတ်ပုံတင်ခကို တစ်လအတွင်း မဖြစ်မနေသွင်းရတော့မှာဆိုတော့ ငွေမသွင်းဘဲ နေခဲ့ကြသူတွေအဖို့ ဒေါ်လာ အမြင့်ဈေးနဲ့တော့ မိသွားကြမှာပေါ့”ဟု ၎င်းကမှတ်ချက်ပြုပြောကြားသည်။

မော်တော်ယာဉ်ပိုင်ရှင်များ၊ ယာဉ်တင်သွင်းသည့်ကုမ္ပဏီများနှင့် လုပ်ငန်းဆောင်ရွက်သူများအနေနှင့် ကနဦးယာဉ် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရာတွင် မူသေ အမှတ်ရယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ခ ပေးသွင်းခြင်း၊ ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)နှင့် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (CVR) ထုတ်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

0 comments:

Post a Comment