Thursday, August 16, 2018

ကန့်ကွက်မှုများကြောင့် ပညာရေးကောလိပ် ကျောင်းအုပ်ခန့်ထားရေး စာမေးပွဲစစ်ဆေးမှု ပယ်ဖျက်

ပညာရေးကောလိပ် လစ်လပ်ကျောင်းအုပ်နေရာများတွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရများခန့်ထားရေး အရည်အချင်းစစ်ဆေးမည်ကို အဆင့်မြင့်ပညာဦးစီးဌာနက ဩဂုတ် ၁၄ ရက်တွင် ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ယခုလဆန်းက ပညာရေးကောလိပ် လစ်လပ်ကျောင်းအုပ်များနေရာအတွက် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရများ ခန့်ထားရေးစီစဉ်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်တွင် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အချင်း စစ်ဆေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုအစီအစဉ်အစား ပညာရေးကောလိပ်လုပ်သက် အနည်းဆုံးနှစ် ၂၀ ရှိသော ဒုတိယကျောင်းအုပ်များ၊ ပညာရေး ဘာသာရပ် အထူးပြုကထိကများ၊ တွဲဖက် ပါမောက္ခများကိုသာခန့်ထားပေးရန် ကောလိပ်ကျောင်းသား၊ ဆရာများက ဝန်ကြီးထံ စာပို့ခဲ့သည်။

ထို့ကြောင့် ပထမအဆင့် စစ်ဆေးမှု ပယ်ဖျက်လိုက်သော်လည်း ပါရဂူဘွဲ့ရများ သို့မဟုတ် ကောလိပ်ဒုတိယကျောင်းအုပ်များကို ခန့်၊ မခန့် မဆုံးဖြတ်ရသေးသလို ခန့်မည့်စနစ်ကိုလည်း တာဝန်ရှိသူများနှင့် ကျောင်းသားများ ဆက်ဆွေးနွေးရဦးမည်ဖြစ်သည်။

ပါရဂူဘွဲ့ရများခန့်ထားရေးအစီအစဉ်ကြောင့် ကောလိပ်ဆရာများ၊ အခြေခံဆရာများပါဝင်သည့် လူ ၁၀၀၀ ခန့်က ထိုအစီအစဉ်ကို ကန့်ကွက်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားသလို ထောက်ခံသူများကလည်း ကြိုဆိုကြောင်းလှုပ်ရှားမှုလုပ်ခဲ့ကြသည်။

ကန့်ကွက်သူ ဆရာမဒေါ်မိုးစန္ဒာက “ဖျက်သိမ်းတယ်ဆိုပေမယ့် စာမေးပွဲမဖြေခိုင်းတာပဲရှိတာ။ ခန့်မယ်၊ မခန့်ဘူးဆိုတာကို တရားဝင်ပြောတာမဟုတ်သေးဘူး။ ဖျက်သိမ်းလိုက်တဲ့အတွက် ပထမအဆင့်အနေနဲ့ အဆင်ပြေတာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် ပညာရေးကောလိပ် ၁၀ ကျောင်းခန့်၌ ကျောင်းအုပ်များ လစ်လပ်နေပြီး ယင်းသို့ကျောင်းအုပ်လစ်လပ်ပါက ဒုတိယကျောင်းအုပ်များကို အစားထိုးခန့်ရမည်ဖြစ်သည်။

သို့သော် အစားထိုးခန့်ထားရန် ဒုတိယကျောင်းအုပ်များနည်းနေခြင်းကြောင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါရဂူဘွဲ့ရများကို ခန့်ထားရန် အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်ခဲ့ခြင်းဖြစ်သည်။

The Voice

0 comments:

Post a Comment