Thursday, August 16, 2018

"ကင်မ်ဂျုံအန်း၏ အစ်ကိုကို လုပ်ကြံမှုအတွက် အမျိုးသမီး နှစ်ဦးကို စွဲချက်တင်ရန် မလေးရှား တရားရုံး ဆုံးဖြတ်"


ကင်မ်ဂျုံအန်း၏ အစ်ကိုကို လုပ်ကြံမှုဖြင့် ကြားနာ စစ်ဆေးခံနေရသည့် အမျိုးသမီး နှစ်ဦးကို စွဲချက်တင်ရန် မလေးရှား တရားရုံး တစ်ခုက ဆုံးဖြတ်လိုက်သည်။

ဩဂုတ် ၁၆ ရက်တွင် ရှားအလမ် တရားရုံးမှ တရားသူကြီးက ကင်မ်ဂျုံနမ်ကို ကွာလာလမ်ပူ လေဆိပ်၌ လုပ်ကြံခဲ့သည့် ဖြစ်ရပ်၌ ပါဝင် ပတ်သက်ခဲ့သော အမျိုးသမီး နှစ်ဦး၏ အမှုမှာ သက်သေ ခိုင်လုံသည်ဟု ဆုံးဖြတ်ကာ စွဲချက်တင်ရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းတွင် တရားခံ ရှေ့နေများက တရားသူကြီး အနေဖြင့် အမှုတွင် သက်သေမခိုင်လုံဟု ဆုံးဖြတ်၍ အမျိုးသမီး နှစ်ဦးကို ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကင်မ်ဂျုံအန်းနှင့် ဆက်ဆံရေး မပြေလည်လှသည့် ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူ ကင်မ်ဂျုံနမ်သည် ပြီးခဲ့သည့်နှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူ လေဆိပ်ထဲတွင် အဆိပ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။ ကုလသမဂ္ဂက တားမြစ် ပိတ်ပင်ထားသည့် VX အဆိပ်ရည်ကို အမျိုးသမီး နှစ်ဦးက ကင်မ်၏ မျက်နှာတွင် သုတ်လိမ်းခဲ့ရာမှာ လေဆိပ်ထဲတွင်ပင် ၎င်းသေဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်တွင် အင်ဒိုနီးရှားမှ ဆီတီအိုင်စ်ယာနှင့် ဗီယက်နမ်မှ ဒွန်သီဟွမ်တို့ နှစ်ဦးကို မလေးရှား ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးခဲ့သည်။ သူမတို့ နှစ်ဦးစလုံးကမူ Prankခေါ် သူတစ်ပါးကို နောက်ပြောင်သည့် ရုပ်မြင်သံကြား ရိုက်ကူးမှု အစီအစဉ် တစ်ခုအတွက် ငှားရမ်းခံထားရ၍ ပါဝင် သရုပ်ဆောင်ခဲ့ကြခြင်းဟု ထွက်ဆိုခဲ့ကြသည်။
ယခုအခါ တရားရုံး ဆုံးဖြတ်ချက်အရ နှစ်ဦးစလုံးသည် လူသတ်မှု စွဲချက်ကို ရင်ဆိုင် ဖြေရှင်းရတော့မည်ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက အမြင့်ဆုံး သေဒဏ်ထိ ကျခံရဖွယ် ရှိနေသည်။ အစောပိုင်းတွင်မူ တရားခံ ရှေ့နေများက မိမိတို့၏ အမှုသည်များသည် ကင်မ်ကို သေစေလိုမှု လုံးဝ မရှိသည်မှာ ထင်ရှားနေပြီး တရားသူကြီးက အမှုမှ လွှတ်ပေးမည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့ကြသည်။
မလေးရှား ထောက်လှမ်းရေး ဌာနကမူ ကင်မ်ကို လုပ်ကြံမှု၏ နောက်ကွယ်၌ မြောက်ကိုရီးယား အေးဂျင့်များ၏ လက်ချက် ပါဝင်ပတ်သက်နေမည်ဟု ယူဆနေကြသည်။ အမှုနှင့် ပတ်သက်၍ မသင်္ကာသူ မြောက်ကိုရီးယား နိုင်ငံသား လေးဦးကိုလည်း မလေးရှား ရဲတပ်ဖွဲ့က လိုက်လံ ရှာဖွေခဲ့သည့်တိုင် ၎င်းတို့ကို လုံးဝ မတွေ့ရတော့ချေ။ ယင်းလေးဦးစလုံးသည် မလေးရှားမှ ထွက်ပြေး လွတ်မြောက်သွားပြီဟု ရဲတပ်ဖွဲ့က ယုံကြည်ယူဆထားသည်။

Ref: CNA
7Day

0 comments:

Post a Comment