Tuesday, August 14, 2018

ဆန်တစ်အိတ် ကျပ် ၄၀၀၀ ခန့် ဈေးဆက်တက်


ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်လက်ကားဈေးအားလုံး ဆက်လက်မြင့်တက်လာပြီး တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၄၀၀၀ အထိ ဆက်လက်မြင့်တက်ကြောင်း ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းမှသိရသည်။
ဆန်ဈေးသည် ရန်ကုန်သို့ ဆန်အဝင် အလွန်နည်းပါးခြင်းကြောင့် ဆက်လက်မြင့်တက်ခြင်းဖြစ်ပြီး ဆန်ကြမ်းတစ်အိတ်လျှင် ၅၀၀ မှ ၂၀၀၀ ခန့်နှင့် ဆန်ချောတစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၄၀၀၀ အထိမြင့်တက်လာကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။ 

“Normal Trade ကလည်း အကြမ်းကို ပြန်ဝယ်နေတယ်။ တရုတ်ကလည်း အဝယ်ပြန်လိုက်တယ်။ ပြီးတော့ ရေဘေးသင့်တဲ့ နေရာတွေကိုလည်း သွားနေတော့ ရန်ကုန်ကို အဝင်နည်းသွားတယ်။ အဲဒါတွေကြောင့် ဈေးထပ်တက်လာတာပါ”ဟု ဆန်ကုန်သည် ဦးသန်းဦးက ပြောဆိုသည်။

ထို့ပြင် နွေဆန်သစ်ဈေးနှုန်းများသည်လည်း ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ၁၀၀၀ ခန့်အထိ မြင့်တက်လာကြောင်း၊ လက်ရှိ ရန်ကုန်သို့ ဆန်အဝင်သည် ယခင်က တစ်ရက်လျှင် အိတ်ရေ ၄၅,၀၀၀ အထိဝင်ရောက်ခဲ့သော်လည်း ယခုနောက်ပိုင်းရက်များအတွင်း တစ်ရက်လျှင် အိတ်ရေ ၁၅,၀၀၀ ခန့်သာရှိကြောင်း ဆန်ကုန်သည်များက ဆိုသည်။

လက်ရှိဆန်ဈေးကွက်အတွင်း မြောင်းမြ/ပုသိမ် ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၆,ဝ၀၀ မှ ၄၉,ဝ၀၀ အထိ၊ ပေါ်ဆန်း နယ်စုံ တစ်အိတ်လျှင် ကျပ် ၄၂,၅၀၀ မှ ၄၃,၅၀၀ အထိ၊ ဖျာပုံ/ဒေးဒရဲပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၃,ဝ၀၀ မှ ၄၅,ဝ၀၀ အထိ၊ ဧည့်မထ တစ်အိတ်လျှင် ကျပ် ၂၃,၅၀၀ မှ ၂၄,၅၀၀၊ ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၂၄,ဝ၀၀ မှ ၂၄,၅၀၀ အထိ၊ သီးထပ်ရှယ် တစ်အိတ်လျှင် ကျပ် ၂၂,၈၀၀ မှ ၂၃,ဝ၀၀ အထိ ဈေးရှိကြောင်း ဘုရင့်နောင် ဆန်ဈေးကွက်အတွင်းမှ သိရသည်။

The Voice

0 comments:

Post a Comment