Tuesday, August 14, 2018

ကျပ်သန်းပေါင်းတစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့သည့် လေးမျက်နှာ င၀န်မြစ်ကူးတံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးသောကြောင့် ယာယီဖြတ်သန်းသွား ခွင့်ပြုပေးရန် စီစဉ်

ဧရာဝတီတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်သန်းပေါင်း ၁၁၄၅၀ သန်း အကုန်အကျခံကာ တည်ဆောက်နေခဲ့သည့် လေးမျက်နှာ င၀န်မြစ်ကူးတံတား စီမံကိန်းမှာ ၉၅ ရာခိုင်နှုန်းကျော် လုပ်ငန်းများ ပြီးစီးနေပြီဖြစ်သောကြောင့် မော်တော်ယာဉ်များ ယာယီဖြတ်သန်းသွားခွင့်ပြုရန် စီမံဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
လေးမျက်နှာ-ခတ္တူ-ပန်းတောကြီးလမ်းပေါ်တွင် တည်ဆောက်နေသည့် လေးမျက်နှာ င၀န်မြစ်ကူးတံတားမှာ အလျား ၁၉၆၈ ဒသမ ၆ ပေ ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် ၂ ပေ ကျယ်ဝန်းသည့် လူသွားလမ်းနှစ်ဖက် ပါဝင်ကြောင်း၊ လေးမျက်နှာ င၀န်မြစ်ကူးတံတားအား ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သောကြောင့် အရေးပေါ်မော်တော်ယာဉ်များ စတင်ဖြတ်သန်းသွားလာနိုင်နေပြီး တံတားဖွင့်ပွဲမတိုင်မီ အခြားသော မော်တော်ယာဉ်များ ယာယီဖြတ်သန်းသွားလာခွင့်ကို ယခုရက်ပိုင်းအနည်းငယ်အတွင်း စတင်ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ တံတားပေအရှည်က ၁၉၀၀ လောက်ရှိတယ် ဒီတံတားတည်ဆောက်မှုက တိုင်းဒေသကြီး ဘက်ဂျက်နဲ့ တည်ဆောက်တာ၊ တံတားပြီးစီးမှုကတော့ ကျန်ခဲ့တဲ့အပတ်က ကျွန်တော်သွားစစ်တယ်ပေါ့နော်။ ၉၅ ရာခိုင်နှုန်းလောက် ပြီးနေပြီပေါ့နော်။ ပြီးနေပြီဆိုတော့ ဖွင့်ပွဲမတိုင်မီ ယာယီဖြတ်သန်းဖို့ရအောင် စီစဉ်နေပါတယ်၊ တံတားက အပေါ်က လုပ်စရာနည်းနည်းပါးပါး ကျန်သေးတာပေါ့ ဒါပေမဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို အရေးပေါ် ကူးမယ်ဆို ကူးလို့ရတဲ့ အနေအထားဖြစ်နေပြီ တံတားအထူးတည်ဆောက်ရေးအဖွဲ့ ၁၆ ကနေ ကျွန်တော့်ကို ယာယီကူးလို့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ တင်ပြပါလိမ့်မယ်။ အခုတော့ ၉၅ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ မကြာမီ ယာယီဖြတ်သန်းခွင့်ပေးတော့မှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့်စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။ လေးမျက်နှာ င၀န်မြစ်ကူးတံတားစီမံကိန်းမှာ ၂၀၁၈ ခုနှစ်အတွင်း လုပ်ငန်းအားလုံးပြီးစီးနိုင်ရန် မျှော်မှန်းထားပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ မင်းသူဝင်းထွဋ် Eleven Media Group

0 comments:

Post a Comment