Thursday, August 16, 2018

ဒေါ်လာဈေးမြင့်နေမှု ထိန်းချုပ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးနယ်ပယ်မှ တာဝန်ရှိသူများတွေ့ဆုံမည်



ယခုရက်ပိုင်းတွင်း ဒေါ်လာဈေးမြှင့်တက်နေမှု အခြေအနေအား ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒ်ါအောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ တာဝန်ရှိသူများ သြဂုတ်လ ကုန်နှောင်းပိုင်းတွင်တွေ့ဆုံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။
“လာမဲ့ ဒီလနှောင်းပိုင်းမှာလည်း စီးပွားရေးနယ်ပယ်မှာ ရှိတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဖို့ ရှိပါတယ်။ အဲ့ဒါလည်း ကျွန်တော်တို့ စီစဉ်နေပါတယ်။ ဆိုလိုတာကတော့ ပေါ်လစီကို ထိန်းညှိတဲ့ပိုင်း လုပ်ငန်းရှင်တွေဘက်ကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ အဓိက လုပ်ရမှာပေါ့ တချိန်တည်းမှာပဲ စီးပွားရေးနဲ့ ပတ်သက်လို့ ပညာရှင်တွေ လုပ်ငန်းရှင်တွေရဲ့ အကြံပြုချက်တွေလည်း ရနေပါပြီ။ ဒါကိုတော့ ကျွန်တော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ်ရော ၊ သမ္မတကြီးရော ၊စီးပွားရေးဆိုင်ရာ တာဝန်ရှိတဲ့ သူတွေရော အကောင်းဆုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေပါတယ်” နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

ဗဟိုဘဏ်ဥက္ကဌ၊ စီးပွားရေးနယ်ပယ်မှ တာဝန်ရှိသူများ စီးပွားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် အမြဲဆွးနွေးမှုများပြုလုပ်နေလျက်ရှိသည်ဟု ဦးဇော်ဌေးကပြောသည်။

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးမြှင့်တက်နေမှုအား ဖြေရှင်းနိုင်ရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ်များသို့တစ်ရက်လျှင်ဒေါ်လာ ၁ သိန်းခန့်ရောင်းချပေးလျက်ရှိရာ ယနေ့ အထိ ၆ ဒသမ ၉၅ သန်းရောင်းချခဲ့ကြောင်းသိရသည်။

ဒေါ်လာဈေးသည် ဇူလိုင်လအတွင်းမှ စတင်မြင့်တက်ခဲ့ရာမှ ယနေ့ မနက်ပိုင်းအထိ တစ်ဒေါ်လာလျှင် ၁၅၆၀ ကျပ်သို့ မြှင့်တက်ခဲ့သော်လည်း ညနေပိုင်းတွင် အနည်းငယ်ပြန်လည်ကျဆင်းခဲ့ကြောင်းလည်းသိရသည်။

အဆိုပါဒေါ်လာဈေးမြှင့်တက်မှုသည် ယခုရက်ပိုင်းတွင် ငြိမ်သွားနိုင်ရန်မျှော်လင့်ကြောင်း ဦးဇော်ဌေးကပြောသည်။

“အဓိကက နိုင်ငံခြားငွေလဲလှယ်နှုန်းက မြင့်ဖို့လည်း မလိုဘူး နိမ့်ဖို့လည်း မလိုဘူးတန်ဖိုးတစ်ခုမှာ ပဲငြိမ်နေဖို့ လိုတယ် ငြိမ်နေမှ စီးပွားရေးသမားတွေရော သွင်းကုန်ပို့ကုန်သမားတွေရော တွက်လို့ရမယ်။ ကြိုတင်မှန်းဆနိုင်တဲ့ အခြေအနေတစ်ရပ်ရှိဖို့ လိုတယ်။အခုက အရမ်းအပြောင်းအလဲက မြန်နေတယ်။ဒီအနေအထားလေးကို ဒီရက်ပိုင်းမှာတော့ မကြာခင်မှာ ငြိမ်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်း ကပြောသည်။

0 comments:

Post a Comment