Thursday, September 27, 2018

အတွင်းဝန်ရုံး မူလလက်ရာအတိုင်း ပြင်ဆင်ရန် ကမ္ဘောဇဘဏ်က ငွေအကုန်အကျခံမည်


အရှေ့တောင်အာရှတွင် အကြီးမားဆုံး ကိုလိုနီခေတ် အဆောက်အအုံတစ်ခုဖြစ်သည့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး (ဟောင်း) ခေါ် အတွင်းဝန်ရုံးကို မူလအတိုင်း ပြင်ဆင်နိုင်ရန် လိုအပ်သောဘဏ္ဍာငွေကို ကမ္ဘောဇဘဏ်မှ ကျခံမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 
အတွင်းဝန်ရုံး ပြန်လည်ပြင်ဆင်မှုကို မူလဗိသုကာလက်ရာများ၊ ပန်းလက်ရာများကို မပျက်ပြားစေရန် ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယခုနှစ်ကုန်တွင်ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည်။ 

“ကောင်းမြတ်တဲ့ ရည်မှန်းချက်တွေနဲ့ ဖော်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ အတွင်းဝန်ရုံးကြီး မူလအတိုင်း ပြန်လည်မွမ်းမံပြု ပြင်ရေးစီမံချက်မှာ အခုလို ကမ္ဘောဇဘဏ်နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်ခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်”ဟု မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။ 

ရန်ကုန်မြို့၏ နှစ်တစ်ရာကျော် ရှေးဟောင်းအဆောက်အအုံများတွင် ပါဝင်သော အတွင်းဝန်ရုံးကို ၂၀၁၇ ခုနှစ်မှစ၍ အာဇာနည်နေ့ တစ်ရက်တည်းသာ အများပြည်သူသို့ ဝင်ရောက်ခွင့်ပြုထားပြီး၊ လာရောက်သူ များပြားခြင်းကြောင့် အဆောက်အအုံ၏ ကြံ့ခိုင်မှုအပိုင်းအားနည်းသည့်အတွက် ၂၀၁၈ ခုနှစ်တွင် အပေါ်ထပ်သို့ တက်ရောက်ခွင့် ပိတ်ထားသည်။ 

အဆိုပါအတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ကို ၂၀၁၇ ခုနှစ်မှ စတင်ပြီး အနော်မာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး အာဇာနည်ပြတိုက်အဖြစ် ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း အတွင်းဝန်များရုံး ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားထားသည်။ 

အတွင်းဝန်ရုံးသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အခြေခံဥပဒေကို စတင်ရေးဆွဲခဲ့သည့်နေရာဖြစ်သည့်အပြင် လွတ်လပ်ရေးရရှိချိန်၌ မြန်မာနိုင်ငံအလံကို ပထမဆုံး လွှင့်တင်ရာနေရာလည်း ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးခြောက်ဦး လုပ်ကြံခံခဲ့ရသည့်နေရာလည်းဖြစ်သည်။

The Voice


0 comments:

Post a Comment