Thursday, September 27, 2018

လှိုင်သာယာမြို့နယ်၌ ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့်ပစ်သတ်မှုမှ ပြန်ပေးဆွဲခံရသူ အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး နောက်တိုးတရားခံတစ်ဦး အပါအ၀င် ခြောက်ဦးအား လုံခြုံရေးအရ အင်းစိန်မြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူ



လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့်ပစ်သတ်မှုမှ ပြန်ပေးဆွဲခံရသူ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နောက်တိုးတရားခံတစ်ဦး အပါအ၀င် ခြောက်ဦးကို လုံခြုံရေးအရ စက်တင်ဘာ ၂၇ ရက်က အင်းစိန်မြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ 
စက်တင်ဘာ ၂၆ ရက်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်သတ်မှုဖြစ်စဉ်တွင် ပြန်ပေးဆွဲခံရသူ အောင်မင်းဦးမှာ ဦးခေါင်းနောက်စေ့အုတ်ခွံရိုး ကျိုးသည့်ဒဏ်ရာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

“ဒီနေ့ ရမန်ယူတာက ယာဉ်မောင်းနဲ့ နောက်တိုးတရားခံတစ်ဦး အပါအ၀င်ဆိုတော့ စုစုပေါင်း ခြောက်ဦးပါ။ နောက်တိုး တရားခံကတော့ မျိုးကျော်ဦး (ခ) ဒယ်ကြီးပါ။ သူက အခင်းဖြစ်တဲ့အချိန်မှာတော့ မပါဘူး။ ဒါပေမဲ့ အခင်းမဖြစ်မီ စက်တင်ဘာ ၂၄ ရက်က ၀ါးကြီးတို့အိမ်ကို သွားအကြွေးတောင်းတုန်းကပါတယ်။ အဲဒီနေ့က သူတို့ကို လိုက်ပို့တာလည်း အခင်းဖြစ်တဲ့နေ့က ယာဉ်မောင်းပါပဲ။ သူတို့နှစ်ဦးကိုတော့ ဆက်စပ်တရားခံ အနေနဲ့ ကနဦးစစ်ချက်တွေအရ ဖမ်းဆီးထားတာပါ။ အမှုကိုတော့ စီအိုင်ဒီက ဆက်လက် စစ်ဆေးနေပါတယ်။ ဖမ်းဆီးထားသူ ခြောက်ဦးကိုတော့ လုံခြုံရေးအရ မြို့နယ်ရဲစခန်းမှာ အချုပ်မှာမထားဘဲ အခြားလုံခြုံရတဲ့အချုပ်မှာ ချုပ်ထားပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ဖြစ်စဉ်မှ သေဆုံးခဲ့သည့် ၀ါးကြီးနှင့် အောင်မင်းဦးတို့အား လှိုင်သာယာမြို့နယ်အတွင်း လူမိုက်စာရင်းပါမပါအား ရဲတပ်ဖွဲ့မှ ဆက်လက်စိစစ်နေသည်ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားသည်။ 

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခွဲတွင် လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်း အမှတ် (မရှိ) နေ ခင်မောင်လွင် (ခ) ၀ါးကြီး (၅၆ နှစ်) သည် နေအိမ်တွင် အောင်မင်းဦး (စိစစ်ဆဲ) နှင့်အတူရှိနေစဉ် ယခင်သိကျွမ်းသော စောလမွန် (ခ) ကိုစော၊ တွံတေးမြို့နယ်နေသူပါ လေးဦးတို့မှ EE/—- Fielder အငှားယာဉ်ဖြင့် ရောက်ရှိလာပြီး ၎င်းတို့ရရန်ရှိသည့် ခြံစည်းရိုးခတ်ခပေးရန် ကျန်ငွေကျပ် သိန်း ၃၃၀ အား လာရောက်တောင်းခံရာ မရသဖြင့် အပြန်အလှန် စကားများခဲ့ကြပြီး စောလမွန် (ခ) ကိုစောတို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့၍ ခင်မောင်လွင် (ခ) ၀ါးကြီးတွင် ယာနားထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင် ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးအား ၀ိုင်းဝန်းထိုးကြိတ်ထားသဖြင့် ယာမျက်ခုံး၊ မျက်လုံးတို့တွင် ဖူးရောင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူများက အောင်မင်းဦးအား လက်ထိတ်ခတ်၍ စီးလာသည့် အငှားယာဉ်ဖြင့်ပင် တင်ဆောင် ခေါ်ယူကာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့သွားကားလမ်းအတိုင်း ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

ထို့နောက် သတင်းရလျှင်ရချင်း ရဲတပ်ဖွဲ့ဝင်များသည် လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်-မအူပင်သွားကားလမ်း မြဂိုးကျေးရွာအနီးတွင် ပြစ်မှုကျူးလွန်သူများ ငှားရမ်းစီးနင်းလာသည့် EE/—- ယာဉ်နှင့် ယာဉ်မောင်း …. ဖြစ်သူအား တွေ့ရှိ စစ်ဆေးခဲ့ရာ စောလမွန် (ခ) ကိုစောပါ လေးဦးအဖွဲ့သည် ၎င်း၏ကားအား ကျပ်ငါးသောင်းဖြင့် ငှားရမ်းစီးနင်းခဲ့ကြောင်း၊ ၎င်းတို့အချင်းချင်း ပြဿနာနှင့် သိရှိဆက်စပ်မှု မရှိကြောင်းနှင့် အောင်ထွန်းချောင်းအတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်းဘက်သို့ ထွက်ပြေးသွားကြောင်း ထွက်ဆိုသိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့မှ ရေယာဉ်များဖြင့် ပူးပေါင်းပိတ်ဆို့ ဆက်လက် ဖော်ထုတ်ခဲ့ရာ တွံတေးမြို့နယ် ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း အောင်မင်းဦးအား ဒဏ်ရာများဖြင့် တွေ့ရှိ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး ညနေ ၃နာရီ မိနစ် ၄၀ တွင် တွံတေးမြို့နယ် ရေကျော်လေးကျေးရွာအနီး အခြားငါးကန်ပေါင်များပေါ်တွင် စောလမွန် (ခ) ကိုစောပါ လေးဦးတို့အား တွေ့ရှိခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် လက်နက်ချအဖမ်းခံစေခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသည့် ပွိုင့် ၄၅ ပစ္စတိုသေနတ် တစ်လက်၊ ၎င်းကျည်တစ်တောင့်၊ ရီမင်တန်တစ်လုံးထိုး သေနတ်တစ်လက်၊ ၎င်းကျည်ငါးတောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 

သေဆုံးသူ ၀ါးကြီးဆိုသူမှာ အကျယ်နှစ်ဧကခန့်ရှိသည့် ခြံဝင်းအတွင်း နေထိုင်သည်မှာ ငါးနှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ယခင်က ဆိပ်ကမ်းသာလမ်း၌ ၀ါးအရောင်းအ၀ယ် လုပ်ကိုင်ရာမှ ၀ါးဘိုးတော်ဟု အပြင်ပဒံ ကျေးရွာတွင် နာမည်ကျော်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်းမှာ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု မရှိဘဲ ၎င်း၏မိတ်ဆွေများနှင့်သာ ခြံဝင်းအတွင်း နေထိုင်တတ်သူဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။ 

  
Eleven 

0 comments:

Post a Comment