Thursday, September 27, 2018

တရုတ်တွင် အငှားကိုယ်ဝန်ဆောင်ပေးရန် ရခိုင်အမျိုးသမီး ၇၀ ခန့် ရောင်းစားခံရ

တရုတ်နိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ရန်အတွက် ၂၀၁၇- ၂၀၁၈ ခုနှစ်အတွင်း ရောင်းစားခံရသည့် ရခိုင်အမျိုးသမီး ၇၀ ခန့်ရှိနေကြောင်း မူဆယ်အခြေစိုက် ရက္ခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (မူဆယ်) နှင့် အခြေစိုက် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့တို့ထံမှ သိရသည်။ 
အငှားကိုယ်ဝန်ဆောင်လုပ်သား လိုအပ်ချက်ကြီးမားလာမှုကြောင့် တရုတ်-မြန်မာ နယ်စပ် မူဆယ်နှင့် ရွှေလီမြို့တွင် လွန်ခဲ့သည့် နှစ်လက တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် အငှားကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားအလိုရှိသည် ဖော်ပြထားသော လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည်ကို မကြာခဏတွေ့မြင်ရကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။ 

“အခု အဲဒီအမှုတွေက များလာတယ်။ ဆင်းရဲနွမ်းပါးသူတွေ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့်လည်းပါတယ်”ဟု မူဆယ် အမှတ် ( ၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကျော်ညွန့်က ပြောကြားသည်။ 

အငှားကိုယ်ဝန်ဆောင် ဈေးကွက်တွင် ပွဲစားအဖြစ် လုပ်ကိုင်သူများမှာ ယခင်က တရုတ်ပြည်တွင် တရုတ်မယားအဖြစ် ရောင်းစားခံရသူများက လုပ်ကိုင် နေသူများဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။ 

“ကျွန်တော်တို့ နေရပ်ပြန်ဖို့ သွားလာဖို့ပဲ လုပ်ပေးနိုင်တာပါ။ ကျွန်တော်တို့ အသင်းက စာပေလူမှုရေးအသင်းဖြစ်တယ်။ အစိုးရက တရားဝင် ဖြေရှင်းပေးရမှာပါ”ဟု ရက္ခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (မူဆယ်) မှ တာဝန်ခံ ကိုအောင်လှသန်းက ပြောကြားသည်။ 

လွန်ခဲ့သည့်နှစ်လက ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦးကို တရုတ်အငှား ကိုယ်ဝန်ဆောင်ပေးရန် လစာကောင်းပေးမည်ဟု ပဲခူးတိုင်းမှ ပွဲစားအမျိုးသမီးတစ်ဦးက စည်းရုံးခဲ့သဖြင့် ၎င်းတို့အဖွဲ့မှ ကူညီဖြေရှင်းပေးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ရွှေ့ပြောင်းလုပ်သားဌာနမှ လက်ထောက်ဌာနမှူး ကိုဟိန်းလတ်က ပြောကြားသည်။ 

“ပွဲစားက တရုတ်ပြည်မှာ ငါးနှစ်လောက် အလုပ်လုပ်ခဲ့တယ်။ တရုတ်မယား သူကိုယ်တိုင်ရောင်းစားခံရတယ်။ လက်ရှိသူက ပွဲစားပြန်လုပ်စားနေတာ၊ အဲဒီကောင်မလေး စည်းရုံးခဲ့တယ်။ ကောင်မလေးက ကျွန်တော်တို့ကို ဆက်သွယ်လို့ ကူညီနိုင်ခဲ့တယ်”ဟု ၎င်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နေ အမျိုးသမီးတစ်ဦးကို စပျစ်ခြံတွင် အလုပ်လုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသားသုံးဦးထံ ရောင်းစားခံရခြင်းကို သင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့က ကယ်ထုတ်ခဲ့ရပြီး ယင်းသို့ကယ်ထုတ်ပြီး ရက်ပိုင်းအတွင်းမှာပင် ရခိုင်အမျိုးသမီးများကို နည်းမျိုးစုံဖြင့်စည်းရုံး၍ ရောင်းစားခံနေရမှုများ မကြာခဏ ဆက်သွယ်လာကြောင်း ရန်ကုန်အခြေစိုက် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ထံမှ သိရသည်။ 

“ကောင်မလေးက တရားစွဲမလားလို့ မေးတယ်။ ရှက်တယ် တရားမစွဲချင်ဘူးလို့ ပြောတယ်။ သူ ငိုနေတဲ့ Video ဖိုင်တက်လာလို့သိပြီး အကူအညီပေးဖြစ်တာ၊ မှုခင်းရဲတွေအနေနဲ့ ကာယကံရှင်က တရားမစွဲချင်လည်း ရဲတွေအနေနဲ့ အရေးယူစေချင်တယ်။ ပွဲစားဘယ်လို့လုပ်စားနေတာကို ကျွန်တော်တို့ စုံစမ်းပေးလို့ ရပါတယ်”ဟု သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌက ပြောကြားသည်။

The Voice 


0 comments:

Post a Comment