Thursday, September 27, 2018

စည်းကမ်းမလိုက်နာသော ကိုယ်စားလှယ်များကို ရွေးကောက်ပွဲများတွင် ဝင်ပြိုင်ခွင့်မပြုတော့ဟု NLD ပြော


လက်ရှိလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပါတီဝင်များအနက် စည်းကမ်းမလိုက်နာသော ကိုယ်စားလှယ်များ၊ အများပြည်သူအကျိုး၊ ပါတီအကျိုးဆောင်ရွက်ရာတွင် အားနည်းမှုများ ရှိနေသူများကို ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့် ပြုတော့မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာလ ၂၇ ရက်နေ့က ပြောကြားလိုက်သည်။ 
“အခု လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်နားနေတဲ့အချိန်မှာ ပြည်သူနဲ့ဘယ်လောက် ထိတွေ့သလဲ၊ ပါတီနဲ့ဘယ်လောက်ထိတွေ့သလဲ၊ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘာရှိသလဲ၊ ဒါတွေကို အစီရင်ခံစာပုံစံမျိုး ကောက်နေတာ ရှိပါတယ်။ အဲဒါတွေကို လေ့လာပြီးတော့ ဆောင်ရွက်မှုအားနည်းတဲ့သူ၊ စည်းကမ်းအားနည်းတဲ့သူ ၂၀၂၀ မှာ မစဉ်းစားပါဘူး”ဟု ၎င်းက အသိပေးပြောဆိုသည်။ 

လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေသည့် ပါတီဝင်အချို့အနေနှင့် အမတ်ဖြစ်လာသည်မှာ ကိုယ်ပိုင်အရည်အချင်းကြောင့် ကိုယ်စားလှယ်ဖြစ်လာသည်ဟု ယူဆနေကြကြောင်း၊ လူထုက အားကိုးစရာ ပါတီတစ်ခုအဖြစ်မြင်ကာ မဲပေးခဲ့ခြင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဆိုခဲ့သည့် “လူကို မကြည့်ပါနှင့် ပါတီကို ကြည့်ပါ”ဟူသော စကားကြောင့် ဆန္ဒမဲများရရှိကာ အမတ်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ထပ်မံပြောကြားသည်။ 

အချို့ပါတီဝင်များသည် ပါတီဝင်လာပြီးနောက် အမတ်ဖြစ်သည့်အချိန်မှ ပါတီမှ နုတ်ထွက်ခွင့်တင်ခြင်းများအထိ ပြုလုပ်လာခြင်းသည် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရသည့်ကိစ္စများတွင် အခက်အခဲဖြစ်စေသည့် စိန်ခေါ်မှုများကို ဖြစ်ပေါ်စေကြောင်း ၎င်းက ရှင်းပြသည်။ 

“တချို့လည်း ထုတ်လိုက်ရတာ ရှိတယ်။ ပါတီမှာ မနေချင်လို့မှ ထွက်စာတင်ရင်တော့ လွတ်လပ်စွာ ထွက်ခွင့်ပေးပါတယ်။ တချို့ကျတော့ အကြောင်းပြချက် မခိုင်လုံဘူး။ ပါတီရန်ပုံငွေမပေးနိုင်လို့ ထွက်ချင်တယ်ဆိုတာမျိုးအထိ ရှိလာတယ်”ဟုလည်း ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောဆိုသည်။ 

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စစ်တမ်းများကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ်အချို့ထံမှ သိရသည်။ 


The Voice

0 comments:

Post a Comment