Tuesday, February 26, 2019

ဗြိတိန်ထိန်းချုပ်ထားသည့် ကျွန်းများကို မောရစ်ရှနိုင်ငံဆီ ပြန်ပေးရန် အိုင်စီဂျေ ဆုံးဖြတ်


အိန္ဒိယသမုဒ္ဒရာထဲက ချာဂေါ့စ်ကျွန်းတွေကို ဗြိတိန်က ထိန်းချုပ်ထားတာ စွန့်လွှတ်ပြီး မောရစ်ရှနိုင်ငံဆီ ပြန်ပေးဖို့ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က ဖေဖော်ဝါရီ ၂၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ 
ဗြိတိန်ဟာ ကျွန်းပေါ်ကလူတွေ ထွက်သွားဖို့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဖိအားပေးခဲ့တယ်လို့လည်း တရားရုံးက ပြောပါတယ်။ 

ဗြိတိန်ဟာ ကိုလိုနီပြုမှု ပြန်ရုပ်သိမ်းရေး လုပ်ငန်းစဉ်မှာ ဥပဒေမဲ့ ပြုကျင့်ခဲ့တယ်၊ ဗြိတိန်ရဲ့ အိန္ဒိယသမုဒ္ဒရာ ပိုင်နက်လို့ ခေါ်နေတဲ့ ကျွန်းတွေအပေါ် ထိန်းချုပ်မှုကို လက်လွှတ်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ ထိပ်တန်းတရားရုံးက ပြောပါတယ်။ 

၁၈၁၄ ခုနှစ်တည်းက ဗြိတိန်က ထိန်းချုပ်ခဲ့တဲ့ မောရစ်ရှနိုင်ငံမှာ ကိုလိုနီကင်းစင်ရေး ပြီးပြည့်စုံဖို့ ကုလအဖွဲ့ဝင်နိုင်ငံ အားလုံးက ကုလသမဂ္ဂနဲ့ ပူးပေါင်းရမယ်လို့ တရားသူကြီး အဗ်ဒူကာဝီ ယူဆွဖ်က ပြောပါတယ်။ 

ဗြိတိန်ဟာ မောရစ်ရှနိုင်ငံကို လွတ်လပ်ရေးမပေးခင် ၃ နှစ်အလို ၁၉၆၅ ခုနှစ်မှာ ဒီကျွန်းတွေကို မောရစ်ရှပိုင်နက်ထဲကနေ ခွဲထုတ်ခဲ့တာပါ။ 

မောရစ်ရှနဲ့ ဆေချီးလီးစ်ကျွန်းသား အယောက် ၂၀၀၀ နီးပါးကိုလည်း အကြီးဆုံးကျွန်းဖြစ်တဲ့ ဒေးဂိုဂါစီယာကျွန်းဆီ နှင်ထုတ်ခဲ့ပါတယ်။ 

ဗြိတိန်ဆီက လွတ်လပ်ရေးရဖို့ ကျွန်းတွေကို စွန့်လွှတ်ရေး ဖိအားပေးခံရတယ်လို့ မောရစ်ရှက ပြောပါတယ်။ 

ဗြိတိန်ကတော့ မောရစ်ရှက ကျွန်းတွေကို လိုလိုလားလား စွန့်လွှတ်ခဲ့တာလို့ ပြောပါတယ်။ 

ဒေးဂိုဂါစီယာကျွန်းဟာ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေအတွင်း အမေရိကန် ဗုံးကြဲလေယာဉ်တွေအတွက် ခြေကုပ်စခန်းဖြစ်လို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါခဲ့ပါတယ်။ 

၂၀၁၆ မှာ ဗြိတိန်က အမေရိကန်ဆီ ကျွန်းငှားစာချုပ် သက်တမ်းကို ၂၀၃၆ ထိ တိုးမြှင့်ခဲ့ပြီး နှင်ထုတ်ခံကျွန်းသားတွေ ပြန်မလာနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

DVB

0 comments:

Post a Comment