Tuesday, February 26, 2019

အီရန် နိုင်ငံခြားရေးဝန်ကြီး ရာထူးကနုတ်ထွက်


ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကို ဦးဆောင် ပုံဖော်ခဲ့သူ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ် ဂျဗဒ် ဇာရိဖ်ဟာ တာဝန်က နုတ်ထွက်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်မှာ အင်စတာဂရမ် လူမှုကွန်ရက်ကနေ ကြေညာလိုက်ပါတယ်။ 
အီရန်ရဲ့ ချစ်လှစွာသော သတ္တိရှင် ပြည်သူတွေနဲ့ အာဏာပိုင်တွေရဲ့ ရက်ရောမှုကို ကျေးဇူးအများကြီး တင်ပါတယ်၊ တာဝန်ကို ဆက်မထမ်းဆောင်နိုင်တဲ့အတွက် ရိုးရိုးသားသား တောင်းပန်ပါတယ်၊ ချမ်းသာပျော်ရွှင်ကြပါစေလို့ ဇာရိဖ်က အင်စတာဂရမ်က သူ့စာမျက်နှာမှာ ရေးထားခဲ့ပါတယ်။ 

နုတ်ထွက်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကိုတော့ မပြောခဲ့ပါဘူး။ 

ဇာရိဖ် နုတ်ထွက်တဲ့အကြောင်းကို ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့ ပြောခွင့်ရနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရတို့က အတည်ပြုခဲ့တယ်လို့ အစိုးရမီဒီယာ IRNA က ကြေညာပါတယ်။ 

သူ့နုတ်ထွက်လွှာကို အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီက လက်ခံသလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

နိုင်ငံတကာ ဘဏ္ဍာရေး ဒဏ်ခတ်မှုတွေကို ဖယ်ရှားရေး အပြန်အလှန်အနေနဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ဖို့ သဘောတူခဲ့တဲ့ အပေးအယူမှာ ဇာရိဖ်ဟာ ဦးဆောင်သူ ဖြစ်ပါတယ်။ 

ကျန်ခဲ့တဲ့ မေလက အမေရိကန်က သဘောတူညီချက်ကို စွန့်ခွာပြီး အီရန်အပေါ် စီးပွားရေးအရ ပြန်ဒဏ်ခတ်ချိန်မှာတော့ ဇာရိဖ်ဟာ ပြည်တွင်းက အနောက်နိုင်ငံဆန့်ကျင်ရေး အမာခံတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

DVB

0 comments:

Post a Comment