Saturday, April 27, 2019

ကျောက်တော်မြို့အနီး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ လက်လုပ်ရီမုမိုင်း ၂ လုံးတွေ့ရှိ၊ အများပြည်သူအန္တရာယ်မရှိစေရေး တပ်မတော်လုံခြုံရေး စစ်ကြောင်းများက မိုင်းရှင်းလင်း ဆောင် ရွက်


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အနီး၌ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း ၂ လုံး အား ဧပြီ ၂၆ ရက်နံနက်ပိုင်းတွင် တပ်မတော်လုံခြုံရေး စစ်ကြောင်းများက ရှာဖွေတွေ့ရှိခဲ့သဖြင့် အများပြည်သူ အန္တရာယ်မရှိစေရေးအတွက် မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
ဖြစ်စဉ်မှာ ကျောက်တော်မြို့အနီးဝန်းကျင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်း များက ဧပြီ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် ၀ဂင်းကျေးရွာ၏ အနောက်ဘက် မီတာ ၁၅၀ ခန့်အကွာ ကျောက်တော်မြို့သို့ ဆက်သွယ်ထားသည့် မြေသားလမ်းပေါ်၌ မသင်္ကာဖွယ်နေရာတစ်ခုအား တွေ့ရှိသဖြင့် ရှင်းလင်းရာမှ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံးအား ရှာဖွေတွေ့ရှိခဲ့ပြီး အနီးဝန်းကျင် ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါမိုင်းတွေ့ရှိသည့်နေရာ၏ မြောက်ဘက်မီတာ ၅၀ ခန့်အကွာမှ ဒေသန္တရလက်လုပ်ရီမုမိုင်း ၁ လုံး နှင့် Samsung အမျိုးအစားဖုန်း ၁ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရရှိခဲ့ကာ သိမ်းဆည်းရရှိမိုင်းများ အား တပ်မတော်လုံခြုံရေးစစ်ကြောင်းမှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် စနစ်တကျသက်မဲ့ပြုလုပ် ဖျက်ဆီးပြီးဖြစ်သည်။ 
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်အတွင်း အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းများပေါ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင်ခဲ့သည့် အကြိမ် ၁၄ ကြိမ်၊ မိုင်း ၄၃ လုံးရှိပြီး ခရီးသွားပြည်သူများ အန္တရာယ် မဖြစ်စေရေးအတွက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 
The Ladies News

0 comments:

Post a Comment