Friday, April 26, 2019

လွဲမှားစွာ ပုံစံ ၇ ထုတ်ပေးမှု ဖျက်သိမ်းပေးရန် ကံမတောင်သူများ ဆန္ဒပြ


မကွေးတိုင်းဒေသကြီး ကံမမြို့မှာ လယ်ယာမြေဥပဒေစိုးမိုးရးနဲ့ လွဲမှားစွာ ပုံစံ ၇ ထုတ်ပေးမှု ဖျက်သိမ်းပေးရေးအတွက် ကရင်စုကျေးရွာက တောင်သူ ၂၀၀ ကျော်ဟာ ဧပြီ ၂၆ ရက်နေ့က ခွင့်ပြုချက်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ 
လယ်ယာမြေဥပဒေစိုးမိုးရေး၊ ဥပဒေမဲ့ရယူထားတဲ့ ပုံစံ ၇ များ ဖျက်သိမ်းပေးရေး၊ မြေနုကျွန်းလုပ်ကိုင်ခွင့်များ အမြန်ဆုံးချထားပေးရေးအတွက် ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ပြီး ကြွေးကြော်သံတွေနဲ့ ကံမမြို့ပေါ်မှာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တာပါ။ 
“၂၀၁၆ခုနှစ် ၁၀ လပိုင်းကတည်းက ပုံစံ ၇ အလွဲအမှားတွေဖြစ်ခဲ့တာကို ဒီနေ့ထိ ပယ်ဖျက်ပြင်ဆင်တာတွေ လုပ်မပေးလို့ ဥပဒေမဲ့ ပုံစံ ၇ ရရှိထားတဲ့သူတွေက တရားစွဲတာတွေ တောင်သူတွေ ခံစားနေရတယ်။ လယ်ယာမြေဥပဒေကို တောင်သူတွေ လိုက်နာဖို့ အကြိမ်ကြိမ်ညွှန်ကြားပြီး အထက်လူကြီးတွေကျ ပျကွက်နေတာကို သိစေဖို့ ဆန္ဒဖော်ထုတ်တာပါ” လို့ ဆန္ဒပြပွဲ ဦးဆောင်သူ တောင်သူ ဦးဟန်မင်းဇော်က ပြောပါတယ်။ 

“တန်းစီဇယား ၃ ကြိမ်တင်ခဲ့ပြီး လုပ်ပိုင်ခွင့်မရခဲ့ဘူး။ ကရင်စုကျေးရွာနဲ့ အနီးဆုံးနေရာမှာ ပေါ်ထွန်းတဲ့ မြေနုကျွန်းဖြစ်လို့ လုပ်ပိုင်ခွင့်ရမယ်လို့ပြောပြီး ဒီနေ့ထိလက်တွေ့မှာ မရခဲ့ဘူး။ တာဝန်ရှိအဆင့်ဆင့်က အရေးယူရမယ့် ကိစ္စတွေမှာ အကာအကွယ်ပေးနေပြီး ပြဿနာဖြစ်ရင် မြို့နယ်ပြောင်းပစ်တာပဲ ရှိတယ်။ ဒီလိုလူမျိုးတွေကို ထိရောက်စွာ အရေးယူပေးစေချင်တယ်” လို့ တောင်သူ ဦးညွန့်ဝေက ပြောပါတယ်။ 

မင်းတုန်းချောင်းအတွင်းက ပဇဉ်းနိမ့်ကျေးရွာအုပ်စု စီမံခန့်ခွဲခွင့်ရှိတဲ့ မြေနုကျွန်းကို ပေ ၃၀၀ ကျော်လောက်သာ ဝေးကွာပြီး အနီးဆုံးဖြစ်တဲ့ ကရင်စုရွာကတောင်သူတွေ လုပ်ကိုင်ခွင့်မရဘဲ ပေ ၄၅၀၀ ကျော်လောက် ဝေးကွာတဲ့ ဥသျှစ်ချိုအုပ်စု ရွှေတောရွာ တောင်သူတွေကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိ ဝန်ထမ်းအချို့ လွဲမှားစွာ ပုံစံ ၇ ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။ 

ကံမမြို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးထွန်းလင်းက “ပုံစံ ၇ တွေ လွဲမှားစွာ ထုတ်ပေးလို့ ပယ်ဖျက်ဖို့လုပ်ခဲ့တယ်။ ရပ်ကျေးလယ်/စီအဖွဲ့တွေကို ၁၅ ရက်တကြိမ် ပုံစံ ၇ ဖျက်သိမ်းဖို့ ပြန်အပ်ခိုင်းတာ ၃ ကြိမ်ထိ ဆောင်ရွက်ခဲ့တာကို ပြန်မပေးလို့ ခရိုင်တင်ပြထားတယ်။ လွဲမှားစွာလုပ်ခဲ့တဲ့ ဝန်ထမ်းကို မြို့နယ်ပြောင်း အပြစ်ပေးအရေးယူခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ပုံစံ ၇ ရှိတဲ့သူက ကရင်စုရွာတောင်သူတွေကို ကံမမြို့နယ်တရားရုံးမှာ ပိုင်နက်ကျူးကျော်မှု ရာဇသတ်ကြီးပုဒ်မ ၄၄၇ နဲ့ တရားစွဲခဲ့လို့ ရုံးချိန်းတွေ အကြိမ်ကြိမ်သွားခဲ့ရပြီး တောင်သူ ၇ ဦး ဒဏ်ငွေ ၂ သောင်းစီကျခံခဲ့ရကာ သရက်ခရိုင်တရားရုံးမှာ အယူခံဝင်ထားတယ်လို့ သိရပါတယ်။ 

ဘဦး
DVB

0 comments:

Post a Comment