Friday, April 26, 2019

သီရိလင်္ကာဗုံးခွဲတိုက်ခိုက်မှု သံသယရှိသူအချို့၏ ဓာတ်ပုံများ ရဲတပ်ဖွဲ့ထုတ်ပြန်


သီရိလင်္ကာရဲတပ်ဖွဲ့က လူရာချီသေဆုံးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု သံသယရှိသူတချို့ရဲ့ ဓာတ်ပုံတွေကို ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 
နောက်ထပ် သံသယရှိသူတွေကိုလည်း တနိုင်ငံလုံး ဖြန့်ကြက်ပြီး ရှာနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ခရစ်ယာန်တွေရဲ့ အထွတ်အမြတ် အီစတာပွဲတော် ကျရောက်တဲ့ ဧပြီ ၂၁ ရက်နေ့က သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၂၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ အယောက် ၇၀ ကျော်ကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ ရူဗန် ဂွန်ဆီဂရာက ပြောပါတယ်။ 

တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သီရိလင်္ကာအစိုးရက ပြည်တွင်း အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ နေရှင်နယ် သဟိသ် ဂျမတ် (NTJ) အဖွဲ့ကို ကနဦး အပြစ်တင်ခဲ့ပေမယ့် ဧပြီ ၂၄ ရက်နေ့မှာတော့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ 

ဒါပေမယ့် သူတို့ တိုက်ခိုက်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေကိုတော့ မဖော်ပြခဲ့ပါဘူး။ အာဏာပိုင်တွေဟာ NTJ အဖွဲ့ဟာ နိုင်ငံတကာက အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုရှိသလားဆိုတာကိုလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။ 

သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဒူဘိုင်းနိုင်ငံက နာမည်ကျော် ဘူဂ်ျ ခါလီဖာ (Burj Khalifa) မိုးမျှော်တိုက်ကြီးမှာ သီရိလင်္ကာနိုင်ငံအလံကို ရောင်စုံမီးတွေနဲ့ ပြသခဲ့ပါတယ်။ 

ဘူဂ်ျ ခါလီဖာ မိုးမျှော်တိုက်ဟာ ကမ္ဘာ့အရှည်ဆုံး အဆောက်အအုံ ဖြစ်ပြီး အထပ်ပေါင်း ၁၆၀ နဲ့ အမြင့် ၈၂၈ မီတာ ရှိပါတယ်။ 

DVB 

0 comments:

Post a Comment