Friday, April 26, 2019

၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရာ၌ အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေနှင့် စက်မှုဇုန်များတွင် ဝင်ရောက်မြှုပ်နှံရန် အဓိကထားဖိတ်ခေါ်မည်


၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာ၌ အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေနှင့် စက်မှုဇုန်များတွင် ဝင်ရောက်မြှုပ်နှံလုပ်ကိုင်ရန် အဓိကထား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 
“၂၀၁၉ မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး တားဂတ်ထားတာက အထည်ချုပ်လုပ်ငန်းကဏ္ဍ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အထည်ချုပ်လုပ်ငန်းကို တားဂတ်ထားခဲ့တယ်။ အထည်ချုပ်လုပ်ငန်းတွေ တော်တော်များများလည်း တိုးချဲ့တယ်။ ပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကဏ္ဍရယ် ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ ပတ်သက်တဲ့ဟာတစ်ခုကို ဒီနှစ်မှာ ထပ်ထည့်ထားတာပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် မတ်လအထိ ဒေါ်လာ ၁၈ သန်း ကျော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ၁၁ ခုအား ခွင့်ပြုခဲ့ကြောင်း သိရသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေါ်လာငါးသန်းနှင့် ငါးသန်းအောက် လုပ်ငန်းများကို ခွင့်ပြုခွင့်ရကြောင်း၊ လစဉ်နှစ်ကြိမ်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း လစဉ်လတိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ခုကျော်အား ခွင့်ပြုပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။ 

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၅/၂၀၁၉) ကြိမ်မြောက်အစည်း အဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀ ခုကို အတည်ပြုပေးခဲ့ကြောင်း၊ ယင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မçတည်ငွေရင်းပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၁၈ ဒသမ ၉၅၇ သန်းဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် သုည ဒသမ ၄၂၈ သန်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ထားပြီး အလုပ်အကိုင်အခွင့်အလမ်း ၆၃၈၂ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။ 

“အိမ်ခြံမြေရယ် စက်မှုဇုန်တွေမှာ အဓိ က လာရောက်ရင်းနှီးမြှုပ်နှံဖို့ဖြစ်ပါတယ်။ စက်မှုဇုန်တွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု အဓိက တားဂတ်ထားထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၁၉)အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခုတို့ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို အတည်ပြုပေးခဲ့သည်။ 

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီအထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ထိုင်ဝမ်၊ Brithsh Virgin Islands၊ Somoa၊ ကိုရီးယားနှင့် ဆေးရှားလ်နှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၈ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခုနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၉ ခုအား အတည်ပြုမိန့် ထုတ်ပေးထားခဲ့ပြီး မ တည်ငွေရင်းပမာဏ စုစုပေါင်းဒေါ်လာ ၁၅၀ ဒသမ ၉၂၇ သန်းနှင့် ကျပ် ၂၀၃၅၄ ဒသမ ၈၄၅ သန်း၊ အလုပ်အကိုင်အခွင့်အလမ်း ၅၃၀၇၁ ဦးတို့အတွက် ဖန်တီးပေးနိုင်မည်ဟု သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများအနေဖြင့် ဒေါ်လာငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြု လျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်း နှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment