Friday, April 26, 2019

မီဒီယာများကြောင့် ရတနာပုံတက္ကသိုလ်နှင့် ဒေါက်တာခင်သက်ကျော်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်ဟု ပညာရေးဝန်ကြီးဌာန ပြော


ရတနာပုံတက္ကသိုလ် ပါမောက္ခ ဒေါက်တာခင်သက်ကျော်နှင့် သတင်းမီဒီယာများအကြား ဖြစ်ပွားခဲ့သော သတင်းရယူမှုကို ထိခိုက်ခဲ့သော ဖြစ်စဉ်တွင် ပါမောက္ခ ဒေါက်တာခင်သက်ကျော်ကို အရေးယူရန် မရှိဘဲ မီဒီယာများကြောင့် ရတနာပုံတက္ကသိုလ်နှင့် ဒေါက်တာခင်သက်ကျော်၏ ပုံရိပ်၊ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုလိုက်သည်။ 


ရတနာပုံတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာခင်သက်ကျော်သည် ရတနာပုံ တက္ကသိုလ် ရှေ့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်း ပေါ်ပေါက်ခဲ့သော ကျောင်းသား ဆန္ဒပြပွဲကို သတင်းရယူနေသည့် မန္တလေး သတင်း မီဒီယာများကို “ရိုက်၊ ရိုက်" "မြှောက်ပင့်ပေးတဲ့ သတင်းထောက်တွေကို ရိုက်၊ စပွန်စာရလို့ လုပ်စားနေတာ အဲဒီ ကောင်တွေ၊ အဲဒီလူတွေကို ရိုက်၊ ကလေးတွေကို မြှောက်ထိုးပင့်ကော်နဲ့ လမ်းမှားရောက်အောင် လုပ်နေတဲ့ သူတွေကို ရိုက်" ဟူ၍ အော်ဟစ် ခြိမ်းခြောက်ဆူပူမှုများ လုပ်ဆောင်ခဲ့သည့်အတွက် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(PCMJ) က အရေးယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။ 
ယင်းသို့ တိုင်ကြားမှုအပေါ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပညာရေးဝန်ကြီးဌာနသို့ တိုင်ကြားစာလွှဲပြောင်း ပေးပို့ခဲ့ပြီး ပညာရေးဝန်ကြီးဌာနက မီဒီယာများကြောင့် ရတနာပုံတက္ကသိုလ်နှင့် ပါမောက္ခ ဒေါက်တာခင်ကျော်ကို ထိခိုက်ရကြောင်း အကြောင်းကြားစာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ပြန်ကြားလာခြင်းဖြစ်သည်။ 
ပညာရေးဝန်ကြီးဌာန၏ အကြောင်းပြန်ကြားမှုတွင် ပါမောက္ခ ဒေါက်တာခင်သက်ကျော်သည် "ရိုက်၊ ရိုက်" ဟု ပြောဆိုခြင်းသည် ဓာတ်ပုံရိုက်ရန် အတွက်သာ ရည်ရွယ်ပြောဆိုခြင်း ဖြစ်ပြီး ရတနာပုံတက္ကသိုလ်တွင် ဖြစ်ပေါ် ဖြစ်ရပ်များနှင့်ပတ်သက်၍ တစ်ဖက်သတ် သတင်းများကို ဖော်ပြ ထုတ်ပြန်သော မီဒီယာများကြောင့် သတင်းမီဒီယာများ၏ လုပ်ဆောင်ချက်များသည် တက္ကသိုလ်၏ ကဏ္ဍနှင့်ပုံရိပ်ကို ညှိုးနွမ်းစေခြင်းတို့အပြင် ဒေါက်တာခင်သကျော်၏ ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါကြောင်း ဖော်ပြထားသည်။ 
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ပါမောက္ခ ဒေါက်တာခင်သက်ကျော်နှင့် သတင်းသမားများအကြား ဖြစ်ပွားသော ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကြားနာခြင်းများ လုပ်ဆောင်ပြီး ဒေါက်တာခင်သက်ကျော်သည် ကျင့်ဝတ်နှင့်မညီ နှောင့်ယှက်ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းလွတ်လပ်ခွင့်ကို ဟန့်တားရာရောက်ကြောင်း ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 
မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီကမူ ပညာရေးဝန်ကြီးဌာန၏ ပြောဆိုမှုသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်ကို အလေးမထား ဂရုစိုက်ခြင်း မရှိသည့်အပြင် သတင်းလွတ်လပ်ခွင့်ကို အလေးမထားခြင်းဖြစ်၍ ထပ်မံကန့်ကွက်ရန်ရှိကြောင်း တရားဝင်ထုတ်ပြန်ကြေညာထားသည်။


Khit Thit Media 


0 comments:

Post a Comment