Friday, April 26, 2019

စနစ်သစ်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်တောင်းခံ

ပညာရေးစနစ်အလိုမရှိကြောင်း နေပြည်တော်တွင် မူလတန်းပြဆရာတစ်ဦးက ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်တောင်းခံထားကြောင်း သိရသည်။ 
ဆန္ဒထုတ်ဖော်မည့်သူမှာ အထက ပြည်စံအောင်မှ မူလတန်းပြဆရာတစ်ဦးဖြစ်သည့် ဦးအောင်အောင်က တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး အဆိုပါ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲကို နေပြည်တော် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံး (ကျောက်ချက်)တွင် မေ ၁၀ ရက် နံနက် ၈ နာရီမှ ၁၀နာရီအထိ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခွင့်ပြုမိန့် တောင်းခံထား ကြောင်း သိရသည်။ 
စနစ်သစ်ပညာရေးစနစ်အလိုမရှိ၊ မအောင်မရှိ ငါ့တပည့်စနစ်အလိုမရှိ၊ ပညာရေး လောကတွင် အဟန့်အတားဖြစ်နေသောရာထူးတိုးစနစ် တိကျမှန်ကန်မှုရှိစေရေး၊ အစိုးရအထက်တန်းကျောင်းများတွင် အစိုးရဆရာ၊ ဆရာမများအားထက်၊ လယ်၊ မူ ခွဲခြားမှုမရှိစေရေး၊ နွေရာသီကာလဖြစ်သော ဧပြီနှင့် မေလ တို့တွင် ဆရာ၊ ဆရာမများကို သင်တန်း တက်ရောက်ခြင်းကို ပိတ်ပင်ပေးရေး၊ အလုပ်အပိုဖြစ်နေသော နေ့စဉ်မှတ်တမ်း ရေးခိုင်းခြင်းကို ဆက်လက်မလုပ်ဆောင်ရေး၊ လက်ရှိပညာရေးဝန်ကြီးကို ရုပ်သိမ်း ပေးရေး၊ စံပြဆရာ၊ ဆရာမများ ရွေးချယ်ပေးရေးတို့ကို ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါခွင့်ပြုမိန့် တောင်းခံစာတွင် ဖော်ပြထားသည်။ 
ထို့ပြင် စီမံခန့်ခွဲမှုနည်းပါးသော ကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူး၊ တိုင်း၊ ခရိုင်ပညာရေး မှူးများ မရှိစေရေး၊ ဗဟိုချုပ်ကိုင်မှုရှိသော တိုင်း၊ ခရိုင်ပညာရေးမှူးရုံး များပပျောက်ရေး၊ လက်ရှိပညာရေးလောကတွင် ကျင့်သုံးနေသော အမိန့်၊ လုပ်ထုံးလုပ်နည်းများ၊ တာဝန် များကို ပြန်လည်စိစစ်ပေးရေး၊ နည်းဥပဒေအသစ်များပေါ်ပေါက်ရေး၊ လက်ရှိရှိနေသော မြန်မာနိုင်ငံဆရာများအဖွဲ့ကို အယုံအကြည်မရှိကြောင်း လွှတ်တော်တွင် ဆွေးနွေးပေးရေး အကြံပြုခြင်း၊ ဝန်ကြီးဌာန တိုင်း အဂတိတကယ်ကင်းရှင်းနေပြီလားဆိုသည့် မေးခွန်း မေးမြန်းနိုင်ရေး (ဥပမာအားဖြင့် မိဘကညွှန်ချုပ်၊ ညွှန်မှူး၊ သားသမီးက ဦးစီးအရာရှိ၊) မိုးကျရွှေကို ပညာရေးလောကတွင် မရှိစေရေး၊ အထက်ဆိုသည့် ဘိုးတော်များလာလျှင် ဆရာ၊ ဆရာမများကို လက်အုပ်ချီခိုင်းခြင်းကိစ္စ ပပျောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း အဆိုပါခွင့်ပြုမိန့်တောင်းခံစာတွင် ဖော်ပြပါရှိသည်။ 

သတင်း - အိဟေမာ 
The Standard Time Daily 

0 comments:

Post a Comment