Friday, April 26, 2019

မြန်မာဆန်တန်ချိန် ၁ သိန်း တရုတ်နိုင်ငံသို့ တင်ပို့ရန် နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေး


မြန်မာနိုင်ငံက ဆန်တန်ချိန် ၁သိန်းကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ဆက်ပေးဖို့နဲ့ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းတွေနဲ့ မွေးမြူရေးထွက်ကုန်တွေကို ပိုမိုဝယ်ယူနိုင်ဖို့ မြန်မာ- တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ 
ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တက်ဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခချန်းတို့ မနေ့က ပေကျင်းမြို့မှာ တွေ့ဆုံစဉ် မြန်မာ့ဆန်ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့တာပါ။ 

ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသမှာ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အတွက် နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်း ထုတ်ပါတယ်။         

ဒီနောက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွေနဲ့ သဘောတူစာချုပ်တွေကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ် ဝန်ကြီးချုပ်တို့ ရှေ့မှောက်မှာ ချုပ်ဆိုခဲ့ကြပါတယ်။ 

စာချုပ်တွေကတော့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ( ၂၀၁၉-၂၀၃၀ ) ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ငါးနှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနဲ့ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်တို့ဖြစ်ပါတယ်။ 

ဓာတ်ပုံ-XINHUA 
DVB 

0 comments:

Post a Comment