Monday, June 3, 2019

AA အဖွဲ့က သံဃာ ၁ ပါးနှင့် အမျိုးသမီး ၁ ဦး အား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် ၂၈ သိန်းယူဆောင်သွား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် AA သောင်းကျန်းသူအဖွဲ့ မှ သံဃာ ၁ ပါးနှင့် အမျိုးသမီး ၁ ဦး အား ဖမ်းဆီးခေါ်ဆောင်ကာ ငွေကျပ် ၂၈ သိန်းယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှ ဆရာတော် ဉူးနန္ဒမာလ(၆၄)နှစ်သည် ဧပြီလ ၂၃ ရက်နေ့တွင် စစ်တွေမြို့၌ ဆေးကုသရန် ရောက်ရှိနေစဉ် ရေစိုးချောင်းကျေးရွာနေ ဒေါ်မဲမချေ(၄၀)နှစ်က ၎င်းအား AA သောင်းကျန်းသူ အဖွဲ့မှ ဖမ်းထားပြီး ဆရာတော်ကိုယ်တိုင် လာရောက်ဖြေရှင်းမှ လွှတ်ပေးမည်ဟုပြောဆိုကြောင်း ဖုန်းဆက်သွယ်မှုရရှိခဲ့သဖြင့် ရေစိုးချောင်း ကျေးရွာသို့ ပြန်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ 
ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ သင်္ဘောဆိပ်အနီး လက်ဖက်ရည်ဆိုင်တွင် နေ့ဆွမ်းသုံးဆောင်နေစဉ် ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်သောင်းချေနှင့် AA သောင်းကျန်းသူအဖွဲ့မှ အမျိုးသား(၁၀)ဦး ရောက်ရှိ လာပြီး ဆရာတော်အား ဖမ်းဆီး၍ အုန်းချောင်းကျေးရွာအနီး ဘုရားတောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားရာ ဒေါ်မဲမချေ အား လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိရသည် ဟုဆိုသည်။ 
AA သောင်းကျန်းသူ အဖွဲ့ခေါင်းဆောင်က ဆရာတော်၏ သင်္ကန်းအား အတင်းဆွဲချွတ်၍ ပုဆိုးနှင့် အင်္ကျီအား လဲလှယ်ဝတ်ဆင်စေခဲ့ကြောင်း၊ AA သောင်းကျန်းသူများက ဆရာတော်မှ ၎င်းတို့၏ သတင်း များကို စုဆောင်းပြီး တပ်မတော်သို့ သတင်းပေးသည်ဟုလည်းကောင်း၊ ဆရာတော်နှင့် ဒေါ်မဲမချေ တို့သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က အတူနေခဲ့သည်ဟု လည်းကောင်း စွပ်စွဲ၍ ခြိမ်းခြောက်ရိုက်နှက်ဝန်ခံခိုင်းပြီး လက်ထပ်စာချုပ်တွင် လက်မှတ်ရေးထိုးခိုင်းကာ စာချုပ်အား သိမ်းဆည်းသွားကြောင်း၊ ထို့နောက် ဆရာတော်ထံတွင် ပါရှိလာသည့် ငွေကျပ်သိန်း(၃၀)အနက် (၂၈)သိန်းနှင့် ဖုန်း(၁)လုံးအား ယူဆောင်သွားပြီးနောက် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ 
ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်သောင်းချေ နှင့် အမည်မသိ ၁၀ ဦး တို့အား စစ်တွေနယ်မြေရဲစခန်း၏(ပ)၆၈/၂၀၁၉၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ခ)ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
The Fifth Wave News 


0 comments:

Post a Comment