Sunday, June 2, 2019

အကျဉ်းထောင်များတွင် အကျဉ်းသားကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ပြစ်ဒဏ်မစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးသည့် စနစ်ကျင့်သုံးရန်စီစဉ်နေ


မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းသား ကြပ်တည်းမှုကို ဖြေရှင်းနိုင်ရန် နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံး လျက်ရှိသော PAROLE SYSTEM (ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကိုကောင်းမွန်စွာနေထိုင်မည်) ဟူသောကတိခံဝန်ချက်ဖြင့်လွှတ်ပေးသည့်စနစ်ကို ကျင့်သုံးရန် စီစဉ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်သူက ဇွန်လ ၃ ရက်တွင်ပြောကြားလိုက်သည်။ 
ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါက်တာ ဦးခင်မောင်မောင်က မြန်မာနိုင်ငံ အကျဉ်းထောင်များ၌ နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံး လျက်ရှိသော PAROLE SYSTEM ကျင့်သုံးရန် ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံး လျက်ရှိသော PAROLE SYSTEM (ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကိုကောင်းမွန်စွာနေထိုင်မည်) ဟူသောကတိခံဝန်ချက်ဖြင့်လွှတ်ပေးသည့်စနစ်ကို လက်ရှိကျင့်သုံးခြင်းမရှိသော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် အကျဉ်းထောင်ကြပ်တည်းမှုကို ဖြေရှင်း၇န်အတွက် အဆိုပါ စနစ်ကျင့်သုံးရန်စတင်စီစဉ်ဆောက်ရွက်လျက်ရှိသည်။ 
“အကျဉ်းထောင်များမှာ အကျဉ်းသားကြပ်တည်းမှုပြဿနာ ဖြေရှင်းရေး အကြံပြုစာတမ်းများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လည်းကောင်း အကျဉ်းထောင် အခန်းများမှာ အကျဉ်းသား ဦးရေ ကြပ်တည်းမှု အခြေအနေများဖြစ်ပေါ်နေမှု ကို ပြည်ထဲရေးဝန်ကြီးဌာနမှ လည်းကောင်း နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့မှုအပေါ် နိုင်ငံတော် သမ္မတရုံးကှ ပြည်ထဲရေးဝန်ကြီှးဌာနမှ တာဝန်ယူဆောင်ရွက်၍ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပြီး အကျဉ်းသားစိစစ်လျော့ချရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားရန် နှင့် လိုအပ်ပါက တိုင်းဒေသကြီး ပြည်နယ်အလိုက်လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွား၇န် လမ်းညွှန်မှု ပြုခဲ့ပါတယ်”ဟု ဗိုလ်ချုပ်အောင်သူကပြောသည်။ 
အကျဉ်းသားများ ကြပ်တည်းမှု ပြဿနာဖြေရှင်းရေးအတွက် ၅.၂.၂၀၁၉ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သည့် ဦးစီးဌာနများမှ အရာရှိကြီးများ ပြည်ထဲရေးဝန်ကြီး ဌာန ဥပဒေအကြံပေးကော်မတီတို့ဖြင့် ညှိနှိုင်းဆွေးနွေး ပြုလုပ်ခဲ့ပြီး ခံဝန်ဖြင့် လွှတ်ပေးသည့်အကျဉ်းသားများအား စောင့်ကြပ်ကြည့်ရှု လေ့လာခြင်းဆိုင်ရာ မူကြမ်းအား ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေအကြံပေးကော်မတီ အသေးစိပ်ညှိနှိုင်းရေးဆွဲပြီး အတည်ပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ 
အဆိုပါဥပဒေမူကြမ်းကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဆောင်သည့် အဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဥပဒေအကြံပေးကော်မတီတို့ ဖြင့် ၆.၂.၂၀၁၉ ရက်နေ့တွင်ပထမအကြိမ် ၁၈.၃.၂၀၁၉ ရက်နေ့မှ ၁၉.၃.၂၀၁၉ရက်နေ့အထိ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပကာ ဥပဒေမူကြမ်းအားအခန်း၁၀ခန်းဖြင့် ရေးဆွဲအတည်ပြုနိုင်ရေး ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။ 
ထိုသို့ဆုံးဖြတ်ခဲ့ရာတွင် ဥပဒေမူကြမ်း၏ အခန်း၁၀ခန်းအနက် ၇ခန်း ကို အတည်ပြုနိုင်ခဲ့ပြီး အခန်း(၆)နှင့် အခန်း(၇) တို့သည် တရားရုံးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များနှင့် တရားစီရင်ရေးစနစ်မူဝါဒများ ဖြစ်ပါသဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၏ မူဝါဒ ဥပဒေစကားလုံးအသုံးအနှုန်းများနှင့် ကိုက်ညီ ရန်လိုအပ်သောကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြင်ဆင်ရန် လိုအပ်ခြင်း ၊ အခန်း(၈) ပုဒ်မ ၃၈ တွင် ပုဂ္ဂိုလ်များ၏ ဘ၀ရပ်တည် မှုနှင့် လူ့အဖွဲ့အစည်းများအတွင်း သင့်တင့်လျောက်ပတ်စွာနေထိုင်နိုင်သူများဖြစ်လာစေရန် စဉ်းစား သုံးသပ်ပြီး လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပေးရမည်ဖြစ်သည့်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြင်ဆင်ရန်လိုအပ်ခြင်းတို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းစည်းဝေး တစ်ရပ် ကျင်းပပြုလုပ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 
ယင်း ဥပဒေမူကြမ်းအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အတည်ပြု ရေးဆွဲပြီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်တောင်းခံသွားမည်ဖြစ်ပြီး ဥပဒေအတည်ပြုပြဌာန်းပြီးသည်အထိ အဆင့်ဆင့်တင်ပြဆောင်ရွက်သွားမည်ဖြစ်သည်။ 
ပြည်ထဲရေးဝန်ကြီး ဌာန အကျဉ်းဦးစီးဌာန အနေဖြင့် နိုင်ငံခြားတိုင်းပြည်များတွင် ကျင့်သုံးလျက်ရှိသည့် PAROLE SYSTEM ခေါ် ပြစ်ဒဏ်မစေ့မီ ကျန်ပြစ်ဒဏ်ကာလကို ပြင်ပတွင်ကောင်းမွန်စွာ နေထိုင်ပါမည်ဟု ကတိခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းစနစ်ကဲ့သို့ ဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံ အကျဉ်းထောင်များနှင့် ကိုက်ညီသည့် ခံဝန်ဖြင့်လွှတ်ပေးသည့် အကျဉ်းသားများ စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းဆိုင်ရာဥပဒေ မူကြမ်းကို စတင်ရေးဆွဲနေပြီဖြစ်ကြောင်း နှင့် အဆိုပါဥပဒေကိုအတည်ပြုပြီးပါက ဥပဒေနှင့်အညီ အကောင်အထည်ဖော်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူက ရှင်းလင်းဖြေကြားခဲ့သည်။ 
The Ladies News

0 comments:

Post a Comment