Tuesday, June 25, 2019

တရားဝင်ခန့်အပ်မထားသောအလုပ်သမားများအား ကာကွယ်ရေးစံနှုန်းတွင် မြန်မာအစိုးရလက်မှတ်ထိုးရန် တိုက်တွန်းသွားမည်ဟု ဆို


တရားဝင်ခန့်အပ်မထားသောအလုပ်သမားများအားအကာကွယ်ပေးရေးစံနှုန်းတွင် မြန်မာအစိုးရ လက်မှတ်ထိုးရန်တိုက်တွန်းသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၊ အမျိုးသမီးကော်မတီမှ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောသည်။ 
  
အဆိုပါစံနှုန်းကို ပြီးခဲ့သည့် ဇွန်လ(၁၈)ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပခဲ့သည့် (၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတွင် အသစ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
“ ပြီးခဲ့တဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံကနေ စံနှုန်းသစ်တစ်ရပ်ကို ရေးဆွဲသတ်မှတ်လိုက်ပါတယ်။ အဲဒါကတော့ လုပ်ငန်းခွင်တွေမှာ တရားဝင်စာချုပ်စာတမ်းနဲ့ ခန့်အပ်ထားခြင်းမရှိသေးတဲ့အလုပ်သမားတွေ၊ အစမ်းခန့်အလုပ်သမားတွေ၊ နေ့စားအလုပ်သမားတွေအတွက် သူတို့ကိုအကြောင်းမဲ့အလုပ်က ထုတ်ပယ်ခြင်းတွေကို ပြုလုပ်ပါက အရေးယူမှုတွေလုပ်နိုင်ဖို့ သက်ဆိုင်ရာတွေကိုတိုင်ကြားနိုင်ဖို့ စတဲ့အစီအစဉ်တွေ ပါဝင်တဲ့စံနှုန်းသစ်တစ်ရပ်ပေါ့။ ဒါကိုအစိုးရကလက်မှတ်ရေးထိုးဖို့ကို တောင်းဆိုသွားပါ့မယ်။ အလုပ်သမားဝန်ကြီးဌာနအပါအ၀င် လွှတ်တော်အသီးသီးကိုလည်းတောင်းဆိုသွားဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ အမျိုးသမီးကော်မတီမှ ဥက္ကဋ္ဌ ဒေါ်ဆွေဆွေခိုင်က ပြောသည်။ 
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင်ကျင်းပခဲ့သည့် (၁၀၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမား ညီလာခံသို့ မြန်မာနိုင်ငံမှ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အဓမ္မစေခိုင်းမှုပပျောက်ရေး အဓိကထားဆွေးနွေးတောင်းဆိုခဲ့ကြောင်း သိရသည်။ 
လက်ရှိ မြန်မာနိုင်ငံတွင်ပြဋ္ဌာန်းထားသော အလုပ်သမားအခွင့်အရေးဆိုင်ရာဥပဒေတွင်လည်း မပြည့်စုံမှုများရှိသဖြင့် ဖြည့်စွက်ရန် ILO နှင့်ပူးပေါင်းပြီးတောင်းဆိုသွားရန်ရှိကြောင်းလည်း သိရသည်။



ထက်ဝေလင်း ( အကုန်သိ သတင်းဌာန )


0 comments:

Post a Comment