Wednesday, June 26, 2019

ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကို ပြည်သူ့တရားရုံးက စစ်ဆေးဆုံးဖြတ်ပြီးမှသာ သံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးမည်


အမှုကနေထွက်ပြေးတိမ်းရှောင်နေတဲ့ ဦးဝီရသူရဲ့ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဆီကို တင်ပြလျှောက်ထားချက်နဲ့ပတ်သက်လို့ သက်ဆိုင်ရာပြည်သူ့တရားရုံးက စစ်ဆေးဆုံးဖြတ်ဆောင်ရွက်ပြီးမှသာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နဲ့အညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇွန်(၂၅)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 
  
ဦးဝီရသူက ဆရာတော်ကြီးတွေရဲ့ ဓမ္မစက်နဲ့အရေးယူတာကိုသာ ခံယူမှာဖြစ်ပြီး ဓမ္မစက်ကိုကျော်လွန်တဲ့ အာဏာစက်နဲ့အရေးယူမှုကို ဆရာတော်ကြီးတွေရဲ့ရှေ့မှောက်မှာ လက်ခံမှာမဟုတ်ကြောင်း မေ(၃၁)ရက် ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဆီကို စာနဲ့ တင်ပြလျှောက်ထားခဲ့တာဖြစ်ပါတယ်။ 
ဦးဝီရသူရဲ့ တင်ပြလျှောက်ထားချက်နဲ့ပတ်သက်ပြီး ဇွန်(၁၉)ရက်ကကျင်းပတဲ့ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ အစည်းအဝေးကနေ ဦးဝီရသူကိုသက်ဆိုင်ရာပြည်သူ့တရားရုံးက စစ်ဆေးဆုံးဖြတ်ဆောင်ရွက်ပြီးမှသာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နဲ့အညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပြည်အစုံကတော့ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါတယ်။) 
ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူ က ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့သို့ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း 
၁။ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊မဟာဗန္ဓုလပန်းခြံရှေ့ ကားပါကင်၌ ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ)ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ - ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ဟောပြောခဲ့သောဦးဝိစိတ္တာဘိဝံသ(ခ) ဦးဝီရသူအား နောက်နောင်ထိုကဲ့သို့ လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်မှုမပြုရေး၃၀-၅-၂၀၁၉ ရက်(ကြာသပတေး)နေ့၊ ၁၄၀၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံး၌ သြဝါဒပေးပွဲအခမ်းအနားပြုလုပ်မည်ဖြစ်၍ ကြွရောက်နိုင်ပါရန် ပင့်လျှောက်ခဲ့ပါသည်။ 
၂။ ထိုသို့ပင့်လျှောက်ထားစဉ်ကာလအတွင်း၂၈-၅-၂၀၁၉ ရက်နေ့တွင် ဦးဝီရသူအားရန်ကုန်အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၂၄(က)နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အရေးယူပေးပါရန်ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ အရေးယူဆောင်ရွက်နိုင်ရေး တရားရုံးက ဝရမ်းအတည်ပြု ထုတ်ဆင့်ခဲ့ပါသည်။ 
၃။ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့အနေဖြင့်သြဝါဒပေးပွဲအခမ်းအနားကို အကြောင်း မညီညွတ်ပါသဖြင့် ၃၀-၅-၂၀၁၉ ရက်နေ့တွင် မဆောင်ရွက်နိုင်သေးကြောင်းနှင့် ထပ်မံဆောင်ရွက်မည့်ရက်ကို အချိန်မီပင့်လျှောက်သွားမည်ဖြစ်ကြောင်း၂၉-၅-၂၀၁၉ရက်စွဲဖြင့် ဦးဝီရသူထံ လျှောက်ထားအကြောင်းကြားခဲ့ပါသည်။ 
၎။ ဦးဝီရသူက၃၁-၅-၂၀၁၉ရက်စွဲဖြင့် ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ ခံယူမည်ဖြစ်ပြီး ဆရာတော်ကြီးများ၏ ဓမ္မစက်ကိုကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေးယူမှုကိုမျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်၌ လက်ခံလိမ့်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ထံ လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့က ၁၁-၆-၂၀၁၉ရက်စွဲဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ဦးဝီရသူ၏ တင်ပြစာမိတ္တူပူးတွဲ၍ တင်ပြလျှောက်ထားလာပါသည်။ 
၅။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၁၉-၆-၂၀၁၉ရက်နေ့ ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် ဒသမအစည်းအဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည် - 
- ညွှန်ကြားလွှာအမှတ် (၁၅)နှင့်အညီ ဆောင်ရွက်သွားရန်။ 
၆။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပြစ်မှုကျူးလွန်သော ရဟန်းသာမဏေများကို ဝိနည်းတရားတော်ဖြင့် အရေးယူခြင်းကိစ္စနှင့် ပတ်သက်၍ညွှန်ကြားလွှာအမှတ် (၁၅)တွင် အောက်ဖော်ပြပါအတိုင်း ညွှန်ကြားထားပါသည် - 
(က) ပြစ်မှုဆိုင်ရာ ဥပဒေတစ်စုံတစ်ရာ ကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မအရ အပြစ်ဒဏ်ချမှတ်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့တရားရုံး၏ ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နှင့်အညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ်ပေးရန်၊ 
(ခ) ယင်းကိစ္စကို မြို့နယ်၊ တိုင်းဒေသကြီး/ပြည်နယ်သံဃနာယကအဖွဲ့ အသီးသီးသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အခန်း (၄)၊ အပိုဒ် (၂၁) အရ ဆက်လက်ဆောင်ရွက်ကြရန်။ 
၇။ အထက်ပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာအမှတ် (၁၅)၊ အပိုဒ်ခွဲ (ခ) ကရည်ညွှန်းသော ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအခန်း (၄)၊ အပိုဒ် (၂၁) (ခ) တွင် ဖော်ပြပါအတိုင်း ပြဋ္ဌာန်းထားပါသည် - 
- နိုင်ငံတော်က တရားလိုပြုလုပ်စွဲဆိုရမည့် ဥပဒေပုဒ်မ တစ်ခုခုနှင့် သက်ဆိုင်နေပါက တရားရုံးများ၌ စစ်ဆေးဆုံးဖြတ်ဆောင်ရွက်မှု ပြီးပြတ်မှသာ ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းသည့် သံဃဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးဆုံးဖြတ်ရမည်။ 
၈။ ထို့အပြင် ဝိနိစ္ဆယလက်စွဲ အပိုဒ် (၇၂) (၇၄) တို့တွင် ဖော်ပြပါအတိုင်း ပြဋ္ဌာန်းထားပါသည် - 
(က) ဝိနိစ္ဆယလက်စွဲ အပိုဒ် (၇၂)။ နိုင်ငံတော်က တရားလိုပြုလုပ်စွဲဆိုရမည့် ဥပဒေပုဒ်မတစ်ခုခုနှင့်သက်ဆိုင်နေပါက တရားရုံးများ၌ စစ်ဆေးဆုံးဖြတ်ဆောင်ရွက်မှု ပြီးပြတ်မှသာ လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းသည့် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေး ဆုံးဖြတ်ရမည်။ 
(ခ) ဝိနိစ္ဆယလက်စွဲ အပိုဒ် (၇၄)။ ပြစ်မှုဆိုင်ရာဥပဒေ တစ်စုံတစ်ရာကို ကျူးလွန်သော ရဟန်းသာမဏေများအား ရှေးဦးစွာ ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက် ပြီးနောက် အပြစ်ဒဏ်ချမှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တရားရုံး၏ဆုံးဖြတ် ချက်ကို ရရှိပြီးမှသာလျှင် သက်ဆိုင်ရာ သံဃနာယကအဖွဲ့က ဝိနည်းတရားတော်နှင့် အညီ လိုအပ်သလို လက်ခံစစ်ဆေးဆောင်ရွက်ရမည်။ 
၉။ သို့ဖြစ်ရာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခြင်းခံထားရသော ဦးဝီရသူကိစ္စဆောင်ရွက်ရာတွင်ပြစ်မှုကျူးလွန်သော ရဟန်းသာမဏေများနှင့်ပတ်သက်၍ ညွှန်ကြားထားသော အထက်ပါညွှန်ကြားလွှာအမှတ် (၁၅)၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ဝိနိစ္ဆယလက်စွဲများနှင့်အညီသက်ဆိုင်ရာသံဃနာယကအဖွဲ့က ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိနိုင်ရန် ရှင်းလင်းဖော်ပြအပ်ပါသည်။ 
(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)
One News Myanmar 

0 comments:

Post a Comment