Friday, July 3, 2020

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အိမ်ပိုင်မရှိသူတွေကို အရစ်ကျစနစ်ဖြင့် မြေကွက်များရောင်းချပေး

ချင်းပြည်နယ်ရဲ့ ပြည်နယ်မြို့တော်ဖြစ်တဲ့ ဟားခါးမြို့နယ်မှာ အနည်းဆုံး နှစ်ပေါင်း ၁၀ နှစ် နေထိုင်ခဲ့ပြီး အိမ်ပိုင်မြေပိုင်မရှိတဲ့သူတွေကို အရစ်ကျစနစ်နဲ့ မြေကွက်တွေကို ရောင်းချပေးနေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရှိတဲ့ ချင်းပြည်နယ် လျှပ်စစ် စက်မှုလက်မှု နဲ့ စည်ပင်သာယာရေးဝန် ကြီးဌာန ဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

ရောင်းချပေးနေတဲ့ မြေကွက်တွေဟာ ဟားခါးမြို့မှာ မြို့ပြစီမံကိန်းအဖြစ် ဖော်ဆောင်နေတဲ့ မြေဧက ၆၇၆ ဧရိယာက မြေကွက် တွေဖြစ်ပြီး ပေ ၆၀ ပေ ၄၀ မြေကွက်၊ ပေ ၈၀ ပေ ၆၀ မြေကွက်၊ပေ ၈၀ ပတ်လည် မြေကွက်နဲ့ ပေ ၁၀၀ ပတ်လည် အကျယ်ရှိတဲ့ မြေကွက်တွေဖြစ်ပါတယ်။ အဲ့ဒီမြေကွက်တွေကို ပထမတန်းစား ဒုတိယတန်းစား နဲ့ တတိယတန်းစား ဆိုပြီး သုံးမျိုး သတ်မှတ်ထားပါတာဖြစ်ပါတယ်။
မြေကွက်ရောင်းချပေးနေတာနဲ့ ပတ်သက်လို့ ဝန်ကြီး ဦးစိုးထက်က"ရောင်းတယ်တော့ မဟုတ်ပါဘူး။ ပြည်သူတွေနေဖို့အတွက် မြေကွက်ဖော်တဲ့အချိန်မှာ လမ်းတွေ၊ ရေတွေ၊ မီးတွေ အများကြီး လိုအပ်ချက်တွေရှိတယ်။ ဆိုတော့ လမ်းမပေါက်ဘဲနဲ့ ကျွန်တော်တို့ဒေသမှာ နေလို့မရဘူး။အဲ့တော့ ကျောက်ချောလမ်း ချက်ခြင်းလုပ်ပေးရမယ်။ ရေပြွန်တွေ၊ ရေမြောင်းတွေ လုပ်ပေးရမယ်။ ရေစီးရေလာကောင်းအောင် လုပ်ပေးရမယ်။ လမ်းမကြီးပဲ ၁၂ လမ်း ရှိတယ်။ မြေထိန်းနံရံတွေ လုပ်ပေးရမယ်၊ အဲ့အတွက်ကို ကုန်ကျစရိတ်က ၅ ဒသမ ၅ ဘီလီယံ လောက်ကုန်မယ်။ ဆိုတော့ စရိတ်မျှပေး သဘောမျိုးနဲ့ အားလုံး စနစ်တကျ မဲနှိုက်ပြီး ထိုက်သင့်တဲ့ တန်ကြေးပေးပြီး ကိုယ်ထူကိုယ်ထ နဲ့ နေနိုင်တဲ့ စနစ်မျိုး တည်ဆောက်တာပါ"လို့ ပြောပါတယ်။
အဲ့ဒီထဲက ပေ ၁၀၀ ပတ်လည် မြေကွက် တစ်ကွက်ကို ပထမဆင့် မြေကွက်တစ်ကွက်ကျပ်သိန်း ၁၅၀၊ ဒုတိယအဆင့် ရှိ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၉၀ နဲ့ တတိယအဆင့်ရှိ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၅၀ နဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။
မြေကွက် ဧရိယာအကျယ် အသေးဆုံးဖြစ်တဲ့ ပေ ၆၀ ပေ ၄၀ မြေကွက်တွေကိုတော့ တတိယတန်းစား မြေ ကွက်တစ်ကွက်ကို ငွေကျပ် ၁၀ သိန်းနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ မြေကွက်ရောင်းချပေးတာကိုတော့ ပထမအကြိမ်အဖြစ် နဲ့ ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီးတော့ သုံးရက်အကြာ အိမ်ထောင်စု ၄၃၇ စုကို ရောင်း ချပေးသွားမှာဖြစ်ပါတယ်။
အဲ့ဒီလို ရောင်းချရာမှ လျှောက်ထားတဲ့ဦးရေက ၂၀၀၀ ကျော်ရှိတာကြောင့် မဲနှိုက်စနစ်နဲ့ ရောင်းချနေတာဖြစ်ပြီး မဲပေါက်သူတွေက မြေကွက် တန်ဖိုးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်ကြိမ် ဇူလိုင်လ ၃၁ ရက်နေ့မှာ တစ်ကြိမ် နဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ တစ်ကြိမ် သုံးကြိမ် အရစ်ကျ နဲ့ အပြီး ပေးချေရမှာဖြစ်ပါတယ်။
"ဟားခါးမှာ နေတာကြာပြီ။အိမ်ငှားနေထိုင်တာပေါ့။အိမ်ငှားစရိတ်ကလည်း ကြီးတော့ ခုလိုမြေကွက်ရောင်း ချပေးတာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်မြေကွက် နဲ့ နေနိုင်တာပေါ့"လို့ ဟားခါးမြို့ဒေသခံတစ်ဦးဖြစ်တဲ့ ဦးကျုံဗန် က ပြောပါတယ်။
အခုအစိုးရက ရောင်းချပေးနေတဲ့ မြေကွက်တွေက ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြား ဟားခါးမြို့အထွက်မှာ ဖြစ်ပါတယ်။
အဲ့ဒီဖက်ခြမ်းမှာ ၂၀၁၉ ခုနှစ်တုန်းက လူတွေနေထိုင်တဲ့ အိမ်တွေရှိခဲ့ပြီး ဒီလိုနေထိုင်တာဟာ ကျူးကျော်နေထိုင်တာ ဆိုပြီးတော့ ပြည်နယ်အစိုးရက နေအိမ်တွေကို ဖြိုဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။
source - voice of myanmar

0 comments:

Post a Comment