
သြဂုတ်လ တတိယပတ်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပန်းတောင်းမြို့နယ် အတွင်းရှိ ခ၀ါရေလှောင်တမံမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့၍ ရေပိုလွဲမှရေဖောက်ချ ခဲ့ရာ ရေလှောင်တမံအောက်ခြေရှိ ချင်းရွာကြီးတွင် တံတားကျိုးကျခြင်း၊ နေအိမ်အချို့ ရေထဲသို့ မျောပါခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတား၊ ကမ်းပါးပြိုကျမူများနှင့် နေအိမ်များ ပျက်စီးကာ အိမ်ထောင်စု ၂၀၀ ခန့်မှာ သဲကုန်းမြို့ရှိ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းအတွင်းရေးမှူး ဦးမောင်မောင်သန်းက "ကျွန်တော်တို့ ရေဘေးဒုက္ခသည်တွေကို လုံခြုံရေး၊ နေထိုင်စားသောက်ရေးအတွက် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။
"၂၀ ရက်က ရေက စိုးရိမ်ရေမှတ် ၂၃၇ ပေအထိ တက်လာတယ်၊ ၂၃၇ ပေထက် ၃ ပေပိုရင်တော့ ဆည်ကိုကျော်ပြီ၊ အခုတော့ စိုးရိမ်ရေမှတ်တော့ မရှိတော့ပါဘူး၊ ရေထုတ်ပေါက်က အခု ၉ လက်မ ဖွင့်ထားပါတယ်" ဟု ခ၀ါရေလှောင်တမံမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားခဲ့သည်။
"ဆည်ကရေ ကျော်မယ်ကြားတော့ ကျွန်တော့်ရဲ့ မိသားစုတွေနဲ့ ဆည်ရဲ့အမြင့်ပိုင်းဖြစ်တဲ့ တောင်ကုန်းတွေပေါ်မှာ သွားနေပါတယ်။ သက်ဆိုင်ရာ လူကြီးတွေကလည်း ကြိုပြီးတော့ သတိပေး ထားပါတယ်" ဟု ချင်းရွာကြီးတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
"ဆည်ရေကျော်ရင်တော့ ကျွန်တော်တို့ ရွာမှာရှိတဲ့ အိမ်တွေ၊ ယာတွေအကုန်လုံး ရေနစ်မြုပ်ကုန်မှာပါ၊ ရေပြန်ကျသွားတာဆိုတော့ စိတ်ထဲအရမ်း ပျော်မိပါတယ်" ဟု ရွာအတွင်း ဈေးရောင်းချနေသူ တစ်ဦးက ပြောပြခဲ့သည်။
သြဂုတ်လဆန်းပိုင်းတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှု များပြားခြင်း၊ မြစ်ရေများမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ခြင်း၊ချောင်းရေများလျှံခြင်းတို့ ဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့မှာ နစ်မြုပ်မှုများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင်လည်း များစွာထိခိုက်မှုများ ရှိခဲ့သည်။
မိုးရွာသွန်း ရေကြီးရေလျှံခြင်းတို့မှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
eleven media group
No comments:
Post a Comment