Thursday, August 22, 2013

တရားမဝင် သွင်းကုန်လုပ်ငန်းများ စက်တင်ဘာ ၂ ရက်နေ့မှ စတင်အရေးယူမည်

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တရားမဝင် သွင်းကုန်လုပ်ငန်း လုပ်ကိုင်နေသူများကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ကာ အရေးယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ပူးပေါင်းကော်မတီက တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး အစိုးရ ဆောင်ရွက် ချက်များနှင့် စပ်လျဉ်းသည့် မေးခွန်းကို ၎င်းကယင်းသို့ ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

“နယ်စပ်ဂိတ်များက ပစ္စည်းသွင်းနေတဲ့ ကုန်သည်တွေကို ပညာပေးကာလ ၂ နှစ် ထားပေးထားတယ်။ အခုစက်တင်ဘာဆို ကုန်ပြီ၊ အရေးယူတော့မယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

မြဝတီ ကုန်သွယ်ရေးလမ်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ (၁) ဆိပ်ကမ်းများမှ တရားမဝင် ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် တရားမဝင်ပစ္စည်း တင်သွင်းနိုင်ရန် အခကြေးငွေယူ လုပ်ဆောင်နေသည့် ဝန်ထမ်းများကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“တရားမဝင် ကုန်သွယ်ရေးကို တားဆီးဖို့ အားနည်းနေတဲ့ ဌာနဆိုင်ရာတွေနဲ့ ဥပဒေတွေကိုပါ ပြန်သုံးသပ် သွားမယ်” ဟု အဆိုပါ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ရှင်းပြသည်။

ယခင်ပညာပေးကာလတွင် ငွေဒဏ်အဖြစ်သာ အရေးယူခဲ့သော်လည်း စက်တင်ဘာလ ၂ ရက်နေ့မှစတင်ကာ ပို့ကုန်သွင်းကုန်လုပ်ငန်း ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တရားမဝင် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးပြောသွားတာ စုံနေတာပဲ၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို လွှတ်တော်သို့ ပြန်တင်ပြသင့်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောကြားသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် အတွင်းတွင် တရားဝင်ကုန်သွယ်မှု လုပ်ငန်းများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၂ သန်း ထိ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment