ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကို လာမည့်စက်တင်ဘာ ၁၂ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး တက်ရောက်ရန်အတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားပြီး လွှတ်တော်အစည်းဝေးအား ရက်မည်မျှ ပြုလုပ်မည်ကို မသိရှိသေးကြောင်းနှင့် အစည်းအဝေးတွင် စည်ပင်သာယာဥပဒေ ပြဋ္ဌာန်းရန်ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
"လွှတ်တော်အစည်းအဝေးက မလုပ်ဖြစ်တာ ငါးလလောက် ရှိပြီဆိုတော့ မေးခွန်းတွေ အဆိုတွေ အများကြီး ရှိနေမယ် ထင်တယ်။ အဲဒီတော့ အဲဒီမေးခွန်းတွေ၊ အဆိုတွေနဲ့ စည်ပင်သာယာ ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်မယ်လို့ ထင်တယ်။ ပြီးတော့ အန်တီ့အနေနဲ့ ဒီတစ်ခေါက်လွှတ်တော်မှာ တန်ဖိုးမျှတ အိမ်ရာဆိုင်ရာ ဥပဒေကြမ်းရေးဆွဲဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆို၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက တင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲမှာ ပြေးဆွဲနေတဲ့ ပုဂ္ဂလိကယာဉ်များ စနစ်တကျ သွားလာစေရေး ထိန်းချုပ်မှုဆိုင်ရာ ဥပဒေတွေ ရေးဆွဲဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း အဆိုတွေကို တင်သွားမှာ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
Eleven Media Group
No comments:
Post a Comment